ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး၏ အဆုံးအမ သြ၀ါဒတော်များကို မင်္ဂလာဒုံ၊ ပုလဲမြို့သစ်၊ ကုန်းတလပေါင်းကျေးရွာ၊ ရွှေဥမင် ဓမ္မသုခ တောရ မှ ထုတ်ဝေ ဓမ္မဒါနပြုထားသည်။ ထိုစာအုပ်ကို သူတော်စင်အများ ဖတ်ရှုနိုင်စေရန် ပြန်လည်ရေးသားဖော်ပြ ပါသည်။ အမှားများ ပါရှိပါက ယခုတင်ပြသူ၏ အပြစ်သာဖြစ်ပြီး ခွင့်လွှတ်ပေးပါရန် ကြိုတင်တောင်းပန်အပ်ပါသည်။
ဆရာတော်ကြီးသည် 15-9-1913(တနင်္လာနေ့) တွင် ဖွားမြင်တော်မူ၍ 20-11-2002(ဗုဒ္ဓဟူးနေ့)တွင် လွန်တော်မူသည်။
ယောဂီရဲ့အလုပ်
သတိကလေး ထားနေရုံပဲ။
စိတ်ကို အတင်းထိန်းလည်း မထားနဲ့။ တောင့်လည်း မထားနဲ့။ ချုပ်လည်း မထားနဲ့။ အလိုက်သင့် အလျားသင့်ကလေးနေပြီး ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေရုံပဲ။
သူ့သဘာဝအတိုင်း ဖြစ်နေတာကို သတိကလေးထားနေရုံပဲ။
ပေါ်အောင်လည်း မလုပ်နဲ့။ ပျောက်အောင်လည်း မလုပ်နဲ့။
သူ့သဘာဝ ဖြစ်တိုင်းဖြစ်တိုင်း ဖြစ်တာလေးကို ဖြစ်တဲ့အတိုင်း သိနေပါ။
ချုပ် မရှုနဲ့။ လုပ် မရှုနဲ့။
သူ့သဘာဝအတိုင်း ဖြစ်တာကို သိနေဖို့ပဲ။
သတိရှိနေဖို့ပဲ။
ကိုယ်မှာ ဖြစ်တိုင်းဖြစ်တိုင်း ၊ စိတ်မှာ ဖြစ်တိုင်းဖြစ်တိုင်း၊ ကိုယ်မှာရော စိတ်မှာရော ဖြစ်တိုင်း သိမှ။ အဲလို သိနေဖို့က သွားတိုင်း လာတိုင်း စားတိုင်း သောက်တိုင်း မြင်တိုင်း ကြားတိုင်း သတိရှိနေရတယ်။ ရှေ့သတိ နဲ့ နောက် သတိ ။ ရှေ့သမာဓိ နဲ့ နောက်သမာဓိ ။ ရှေ့အသိ နဲ့ နောက်အသိ ... အမြဲ ဆက်စပ်နေရမယ်။
သိက္ခာသုံးပါး ဖြည့်ကျင့်ခြင်း
ဘာပဲဖြစ်ဖြစ် ကောင်းကောင်းဆိုးဆိုး သတိထား။ ကိုယ်မှာ ဖြစ်တိုင်းဖြစ်တိုင်း၊ စိတ်မှာ ဖြစ်တိုင်းဖြစ်တိုင်း သတိ ထား။
အစမှာတော့ နှာသီးဖျားမှာ သတိထား။ ထွက်တိုင်း သိ ၊ ၀င်တိုင်း သိ။ တိုးပြီး ၀င်သွားတာ သိနေ။ တိုးပြီး တိုးထွက်နေတဲ့ ထိမှု ကလေးကို သိ သိနေဖို့ပါပဲ။ အမှန်သိမှု ညာဏ်ကုသိုလ်တွေ ဖြစ်သွားမယ်။
ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေတာဟာ ၀ိပဿနာပဲ။ ဖြစ်အောင်လည်း မလုပ်ရ။ ပျက်အောင်လည်း မလုပ်ရဘူး။ အဲလို ဖြစ်တိုင်း ဖြစ်တိုင်း သိရုံမျှ သိပေးနေရုံပဲ။
အဲလို သိနေတဲ့အတွက် ဣန္ဒြိယသံဝရ သီလ စတဲ့ သီလသိက္ခာတွေလည်း လုံခြုံပြီး နေတယ်။ သတိရှိနေတဲ့တအတွက် သမာဓိသိက္ခာလည်း ညီညွတ်မျှတနေတယ်။ သတိရှိနေတဲ့အတွက် ပညာသိက္ခာ သိစရာတွေကို အမှန်အတိုင်း ပိုင်းခြားပြီး သိနေတယ်။
သတိထားလိုက်တိုင်း သိက္ခာသုံးပါး ဖြည့်ကျင့်ပြီးသားဖြစ်သွားတယ်။
သိက္ခာသုံးပါးရှိတဲ့ပုဂ္ဂိုလ်ဟာ လူ၊နတ် ဦးခိုက် ပူဇော်ထိုက်တဲ့အဆင့်မြင့်ပုဂ္ဂိုလ် ဖြစ်သွားတယ်။

No comments:
Post a Comment