ရှေ့ခေတ်တုန်းက ဘုရင်တစ်ပါးဟာ တိုင်းပြည်ကို အုပ်ချုပ်စိုးစံနေသတဲ့။ တိုင်းပြည်ကို အုပ်ချုပ် မင်းဘုရင်လုပ်သော်ငြားလည်း မိဖုရားကိုမူကား ကြောက်တော်မူရှာတယ်။ ဒါနဲ့ ဘုရင်က အင်း မိန်းမ မကြောက်ရတဲ့နည်း ရှိရင်ကောင်းမှာပဲ။ ငါ ဘယ်လို နည်းကောင်းတွေရနိုင်မလဲ။ လို့ အကြံ ထုတ်တော်မူတယ်။ နောက်တော့ အကြံတစ်ခု ရပြီး မှူးမတ်အပေါင်းတွေကို အကောင်အထည် ဖော်စေတယ်။
ဘုရင်ရဲ့ အကြံကတော့ နန်းတော်မှာ အဆောင်နှစ်ခုကို အကြီးကြီးဆောက်လုပ်စေပြီး တစ်ဆောင်ရဲ့ မုခ်ဝမှာ မိန်းမ ကြောက်သူများအဆောင် လို့ ရေးသားချိပ်ဆွဲထားစေတယ်။ နောက်တစ်ဆောင်မှာတော့ မိန်းမ မကြောက်သူများအဆောင်လို့ ရေးသားချိပ်ဆွဲထားစေတယ်။ တိုင်းပြည်တွင်းရှိ မည်သည့်ယောင်္ကျားသားများမကျန် ဤရက်ဤအချိန်မှာ နန်းတော်သို့ အရောက် လာစေရမည်ဟု မောင်းထုကြေငြာစေတယ်။ နန်းတွင်းကို ရောက်ရှိလာသော ယောင်္ကျားသားများက ဤအဆောင်နှစ်ဆောင်၏ မုခ်ဝ၌ချိပ်ဆွဲထားသည့်စာသားကိုဖတ်ကြည့်ပြီး မိမိတို့ရဲ့သဘောဆန္ဒအမှန်အတိုင်း ၀င်နေကြရတယ်။ ဘယ်အဆောင်ကို ယောင်္ကျားသားများ ၀င်နေတာများလဲ ဆိုတော့ မိန်းမ ကြောက်သူများအဆောင်က ဖြစ်နေတယ်။ ဘုရင်က အပေါ်ထပ် လေသာဆောင်ကနေ စတီခုံဆိုဖာပေါ်မှာထိုင်........အဲ ဆိုဖာမရှိသေးဘူး။ ရေနွေးကြမ်းသုံးဆောင်ပြီး မိန်းမ မကြောက်သူများအဆောင်ကို ဘယ် အာဂ ပုရိသ များ ၀င်နေမတုံးဆိုတဲ့ ဇောစိတ်နဲ့ ကြည့်ရှုနေတယ်။ အဲလိုမျှော်နေတုန်းမှာပဲ ယောင်္ကကျားတစ်ယောက်က ကုတ်ချောင်ကုတ်ချောင်နဲ့ မိန်းမ မကြောက်သူများ အဆောင်ကို ၀င်ပါလေရော။ ဘုရင်ကတော့ အင်း ငါတော့ အားကိုးရာ ရပြီ။ ကျန်တဲ့ယောင်္ကျားသားများက မိန်းမ ကြောက်သူများအဆောင်ကို ၀င်တော့ အကုန်လုံး ပြန်လွှတ်ခိုင်းလိုက်တယ်။ ဘုရင်မင်းမြတ်က အာဂပုရိသကို
ဘုရင်။ ။မိန်းမ မကြောက်ရအောင် မောင်မင်း ဘယ်လို လုပ်ရလဲ။ မိန်းမများကို မကြောက်ရအောင် မိန်းမနိုင်တဲ့နည်းရှိပါသလား။ ပြောပြစမ်းပါအုံး။
အာဂပုရိသ။ ။တခြားနည်းတွေ ဘာတွေ မသိပါဘူး။
ဘုရင်။ ။မောင်မင်း ဘာကြောင့် ဒီ မိန်းမ မကြောက်ရတဲ့အဆောင်ကို ၀င်နေရတာလဲ။ မိန်းမကို မကြောက်လို့ မဟုတ်ဘူးလား။
အာဂပုရိသ။ ။ကျွန်တော်မျိုး ၀င်ရတဲ့အကြောင်းရင်း ကျွန်တော်မျိုး မိန်းမက မှာလိုက်တယ်။ သူများလုပ်တိုင်း လိုက်မလုပ်ရဘူး ဆိုလို့ သူများတွေ မ၀င်တဲ့ ဒီအဆောင်ကို ကျွန်တော်မျိုး ၀င်ရခြင်း ဖြစ်ပါတယ်။
ဘုရင်။ ။ ဟ လောက မှာ မိန်းမ မကြောက်တဲ့ယောင်္ကျား မရှိပါလား။ မိဖုရားကြီးလည်း ရှိပါစေတော့။
ဆိုပြီး .......................။

ဆရာတော်တစ်ပါး၏ တရားဟောပြောချက်ကို သရုပ်ဖော်ရေးသားသည်။
No comments:
Post a Comment