နမော အရဟတော

နမော အရဟတော
ကိလေသာကင်းစင် ဘုရားရှင် မြဲပင် ရှိခိုးပါ၏။

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးနှင့် မဟာမြိုင်ဆ၇ာတော် ဦးဇောတိက

Wednesday, January 13, 2010

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီး၏ သြ၀ါဒကထာများ



အသေကောင်းကြောင်း နည်းလမ်းကောင်း

ကိစ္စမများ၊ စကားနည်းစေ၊

အိပ်နေမှုနည်း၊ တစ်ကိုယ်တည်းပျော်လေ၊

ရောနှောမှုကင်း၊ ချဲ့ခြင်းရှောင်သွေ၊

အသေကောင်း၊ အပေါင်းဂုဏ်ခြောက်ထွေ၊

အနေကောင်း၊ အပေါင်းဂုဏ်ခြောက်ထွေ၊




ယောဂီတို့ တရားတိုးတက်ချင်ရင် ဂုဏ်အင်္ဂါခြောက်ပါးရှိမှ အနေလည်းကောင်း၊ အသေလည်း ကောင်းမယ်။


ကိစ္စ မများ =

ကိစ္စများပြီး သတိလက်လွတ်ဖြစ်ကြလို့ ဒုက္ခတွေများလှပါပြီ။ ကိစ္စတိုင်း ကိစ္စတိုင်း ဘာပဲလုပ်လုပ် သတိလက်လွတ် မဖြစ်ပါစေနဲ့၊ သတိနဲ့လုပ်ရင် တရားအလုပ်၊ ဓမ္မအလုပ်ဖြစ်သွားပါတယ်။

စကားနည်းစေ =

စကားနည်းရမယ်တဲ့။ နည်းတဲ့ထဲမှာ ပြောသမျှကိုလည်း သတိထားပြောပါ။ အကျိုးမရှိတဲ့ စကားမပြောနဲ့။ အကျိုးမရှိတဲ့ စကားကို အတတ်နိုင်ဆုံးရှောင်။ အကျိုးရှိတာပဲပြော။ ဘာပြောပြော သတိလေးနဲ့ ပြောပါ။ သတိကလေးနဲ့ပြောရင် အကျိုးမရှိတဲ့ စကားတောင် အကျိုးရှိသွားတယ်။ ယောဂီတွေ စကားတပြောပြောနဲ့ လမ်းလျှောက်နေတာ သူများတွေ တွေ့တော့ ဘယ်လိုများထင်မလဲ။ တချို့ မိတ်ဆွေ ဖွဲ့ကြတယ်၊ လိပ်စာတောင်းကြတယ်။ အဲဒါ ယောဂီအလုပ် မဟုတ်ဘူး။

အိပ်နေမှုနည်း =

အအိပ် မများရဘူးတဲ့၊ သတိလေးနိုးနိုးကြားကြား ကောင်းသောနိုးကြားခြင်းဖြင့် နိုးကြားနေကြ

ပါ။

တစ်ကိုယ်တည်း ပျော်လေ =

တချို့အိမ်မှာတုန်းက တစ်ကိုယ်ရေတစ်ကာယပဲ၊ ရိပ်သာမှာလာတော့မှ အဖော်

တွေနဲ့။ တရားသမားနဲ့ မတူတော့ဘူး။ ကိုယ်လည်း တစ်ကိုယ်ရေ တစ်ကာယ၊ စိတ်လည်း တစ်ကိုယ်ရေ တစ်

ကာယ၊ ကာယဝိဝေက၊ စိတ္တဝိဝေက။

တစ်ကိုယ်တည်းနေ တစ်စိတ်ထဲထား ဆိုတာ တရားအားထုတ်တဲ့ အချိန်ကလေးပဲ။ ကိုယ်နားမှာလူဘယ် လောက်ပဲ များနေနေ ကိုယ်တစ်ယောက်တည်း တစ်စိတ်ထဲ ဖြစ်နေတယ်။ ကိုယ် အဖော်မပါရဘူး။ အဖော်ကင်းကင်း။ စိတ်အဖော်လည်းမပါရဘူး။ စိတ်အဖော်က လောဘပါပဲ။ အာရုံတွေ အပေါ်မှာ သာယာတဲ့ လောဘမပါရဘူး။ ဟိုဟာ လိုချင်၊ ဒီဟာလိုချင်၊ ဟိုတွေး ဒီတွေး တရားထိုင်ရင်း စိတ်ကူးတာ။ တရားထိုင်ရင်း နဲ့ အတွေးတွေ ဝင်နေတာ။ သတိ ထားပေးရမယ်။ အဲဒါတွေကို နိုင်တာက သတိပဲရှိတယ်။ သတိထားနိုင်မှ။ သတိကလေး နဲ့ စိတ်မှာဖြစ်တိုင်း ဖြစ်တိုင်း သိ၊ ကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း သိ၊ သိစရာ နဲ့ သိတာ၊ နှစ်ခု ပဲ ရှိတယ်။ သတိလေး နဲ့ ပျော်ရမှာ။

ရောနှောမှုကင်း =

ပရိတ်သတ်နဲ့၊ အများနဲ့၊ အပျော်အပါးနဲ့ မရောနှောရဘူး။ ဒီမှာ ရက်ပိုင်းကလေး လာနေကြတဲ့

ဥစ္စာ။ ရောနှောမှုတွေ ကင်းရမယ်။ ဟိုကိစ္စ ဒီကိစ္စ၊ ဟိုအဆက်အသွယ်လုပ်၊ ဒီအဆက်အသွယ်လုပ်ဆိုရင် တရား

အလုပ်ပျက်တယ်။ မလွှဲသာ မကင်းသာရင်လည်း တရားလေးနဲ့ လုပ်ပါ။ တရားလက်လွတ် မဖြစ်စေနဲ့။ သတိရှိ နေတဲ့အတွက် ဆိုးဆိုးဝါးဝါးတွေ မဖြစ်တော့ဘူး။ အဆိုးကအကောင်း ဖြစ်သွားတယ်။ သတိမရှိရင် အကောင်း ကလည်း အဆိုးဖြစ်သွားတယ်။

ချဲ့ခြင်းရှောင်သေ=

ချဲ့တတ်တာ တဏှာ၊ မာန၊ ဒိဌိ၊ သံသရာနယ်ချဲ့ သမား သုံးပါးပဲ။ တဏှာလောဘဟာ ချဲ့ထွင်သမားပဲ။ စားမှု၊ နေမှု၊ ထိုင်မှု၊ ဝတ်မှုတွေ ချဲ့ထွင်။ အကုသိုလ်တွေ ကျယ်ပြန့်သွားအောင် ချဲ့ထွင်တဲ့ သဘောပဲ။ ဆင်းရဲဒုက္ခတွေများအောင် ချဲ့ထွင်ပေးတာ သူပဲ။

ယောဂီတစ်ယောက် လိုချင်မှုတွေကြောင့် အိမ်ပြန်ရမလို ဖြစ်နေတယ်။ တရားနာလိုက်တော့မှ အဲဒီစိတ်တွေ ပျောက်သွားတယ်။ စိတ်ကို လွတ်လွတ်ထားရင် အဲလိုပဲ ဖြစ်တတ်တယ်။ မာနလည်းချဲ့ထွင်၊ ဒိဌိကလည်း ချဲ့ထွင်၊ အိုမှု၊ နာမှု၊ သေမှုတွေ ခဏခဏရောက်အောင်၊ ဆင်းရဲဒုက္ခတွေ ခဏခဏရောက်အောင် ချဲ့ထွင်ပေးတဲ့ တရားတွေ။ သံသရာ နယ်ချဲ့သမား သုံးပါးပါ။ ဒီဟာတွေကို ချဲ့နေရင် သံသရာဝဋ်က ကျွတ်လွတ်တဲ့ တရားထူး တရားမြတ်တွေ မရဘဲနေလိမ့်မယ်။ အဲဒါတွေကို ရှောင်မှ အနေလည်း ကောင်း၊ အသေလည်းကောင်းမှာ။


အနေကောင်းမှ အသေကောင်းမယ်။

အနေတတ်မှ အသေတတ်မယ်။


ယောဂီရဲ့ အလုပ်
သတိကလေး ထားနေရုံပဲ။ စိတ်ကို အတင်းထိန်းလည်း မထားနဲ့၊ တောင့်လည်း မထားနဲ့၊ ချုပ်မထားနဲ့၊ အလိုက်သင့် အလျားသင့်ကလေးနေပြီး ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေရုံပဲ။ သူ့သဘာဝအတိုင်း ဖြစ်နေတာကို သတိကလေး ထားနေရုံပဲ၊ ပေါ်အောင်လည်းမလုပ်နဲ့၊ ပျောက်အောင်လည်း မလုပ်နဲ့။ သူ့ ဘသာဝ ဖြစ်တိုင်း ဖြစ်တိုင်း ဖြစ်တာလေးကို ဖြစ်တဲ့ အတိုင်းသိနေပါ။ ချုပ်မရှူ့နဲ့၊ လုပ်မရှူ့နဲ့ သူ့ သဘာဝအတိုင်း ဖြစ်တာကို သိနေဖို့ပဲ။ သတိရှိနေဖို့ပဲ။ ကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း၊ စိတ်မှာ ဖြစ်တိုင်းဖြစ်တိုင်း ကိုယ်ရော စိတ်ရော သိမှ။ အဲ့လို သိနေဖို့က သွားတိုင်းလာတိုင်း၊ စားတိုင်း၊ သောက်တိုင်း ၊ မြင်တိုင်း၊ သတိရှိနေရမယ်။ ရှေ့ သတိနဲ့ နောက်သတိ၊ ရှေ့သမာဓိနဲ့ နောက်သမာဓိ၊ ရှေ့အသိနဲ့ နောက်အသိ၊ အမြဲ ဆက်စပ်နေရမယ်။

သိက္ခာသုံးပါး ဖြည့်ကျင့်ခြင်း
ဘာပဲဖြစ်ဖြစ် ကောင်းကောင်းဆိုးဆိုး သတိထား၊ ကိုယ်မှာ ဖြစ်တိုင်းဖြစ်တိုင်း၊ စိတ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း သတိထား။ အစမှာတော့ နှာသီးဖျားမှာ သတိထား ထွက်တိုင်းသိ ၀င်တိုင်းသိ။ တိုးပြီးဝင်သွားတာ သိနေ၊ တိုးပြီး ထွက်နေတဲ့ ထိမှုကလေးကို သိသိနေဖို့ပါပဲ။ အမှန်သိမှု ညဏ်ကုသိုလ်တွေ ဖြစ်သွားမယ်။ ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေတာဟာ ၀ိပဿနာပဲ။ ဖြစ်အောင်လဲ မလုပ်ရ၊ ပျက်အောင်လည်း မလုပ်ရဘူး။ အဲ့လို ဖြစ်တိုင်း ဖြစ်တိုင်း သိရုံမျှ သိပေးနေရုံပဲ။ အဲ့လို သိနေတဲ့အတွက် (ဣန္ဒြိယသံဝရသီလစတဲ့) သီလ သိက္ခာတွေလည်း လုံခြုံပြီးနေတယ်။ သတိရှိနေတဲ့အတွက် သမာဓိ သိက္ခာလည်း ညီညွတ် မျှတနေတယ်။ သတိရှိနေတဲ့ အတွက် (ပညာသိက္ခာ) သိစရာတွေကို အမှန်တိုင်း ပိုင်းခြားပြီး သိနေတယ်။ သတိထားလိုက်တိုင်း သိက္ခာသုံးပါး ဖြည့်ကျင့်ပြီးသား ဖြစ်သွားတယ်။ သိက္ခာသုံးပါးရှိတဲ့ ပုဂ္ဂိုလ်ဟာ လူ၊ နတ်၊ ဦးခိုက်ပူဇော်ထိုက်တဲ့ အဆင့်မြင့်ပုဂ္ဂိုလ် ဖြစ်သွားတယ်။

စိတ်ပျံ့လွင့်သော်
စိတ်ပျံ့လွင့်တာကို အတင်းထိန်းမထားပါနဲ့၊ ပျံ့လွင့်ရင် ပျံ့လွင့်မှန်း သိဖို့ပဲ။ စိတ်မငြိမ်တာကို မငြိမ်မှန်သိဖို့၊ စိတ်ပြေးရင် ပြေးမှန်း၊ တွေးရင်တွေးမှန်း၊ စိတ်ကူးရင် စိတ်ကူးမှန်း၊ ကြံရင် ကြံမှန်း သိနေရုံပဲ။ သိရင်တော်ပြီ၊ တည်ငြိမ်လို့ ကောင်းလို့ သဘောကျနေရင်လည်း မဟုတ်သေးဘူး၊ တည်တာကို ကောင်းတယ်ထင်ပြီးတော့လဲ မစွဲရဘူး၊ ပျံ့လွင့်တာကို မကောင်းဘူးထင်ပြီးတော့လည်း စိတ်မပျက်ရဘူး၊ သိနေဖို့ပဲ။ ကောင်းကောင်း မကောင်းကောင်း တည်တာကိုလည်း သိ၊ မတည်တာကိုလည်း သိရမယ်။

ဖြူအောင်စိတ်ကိုထား
တရားအားထုတ်တယ်ဆိုတာ စိတ်ကလေးကို ပ၀ါဖြူလေးလို ဖြူစင်သန့်ရှင်းအောင် လုပ်နေတာပါ။ စိတ်ကို ကိလေသာတွေနဲ့ မပေါင်းမိအောင်၊ စိတ်ကို ပူလောင်စေတတ်၊ ညစ်နွမ်းစေတတ်၊ နိပ်စက်ညှဉ်းပန်းတတ်တဲ့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေနဲ့ မပေါင်းမိအောင် စင်ကြယ်သန့်ရှင်းတဲ့ စိတ်ကလေး အမြဲဖြစ်နေအောင် သတိကလေးထားပြီး အမြဲနေရမှာ။

ဝိရိယဆိုတာ
၁။ မဖြစ်သေးတဲ့ စိတ်ညစ်နွမ်းမှုတွေ မဖြစ်အောင်။
၂။ ဖြစ်ပြီးသား စိတ်ညစ်နွမ်းမှုတွေ ပပျောက်သွားအောင်။
၃။ မဖြစ်သေးတဲ့ စိတ်ကောင်း၊ စိတ်မြတ်တွေ ဖြစ်ပေါ်လာအောင်။
၎။ ဖြစ်ပြီးသား စိတ်ကောင်း၊ စိတ်မြတ်တွေကို တိုးပွားလာအောင် ၀ီရိယက သူ့အလုပ်သူလုပ်နေမှာပါ။

ဆင်းရဲခြင်းနှင့် ချမ်းသာခြင်း
လူတွေ ဆင်းရဲဒုက္ခ ရောက်ရတာကိုကြည့်ရင် မကောင်းတဲ့ စိတ်တွေကြောင့်၊ မကောင်းတာတွေပြု၊ မကောင်းတာတွေပြော၊ မကောင်းတာတွေ ကြုံပြီး ဆင်းရဲဒုက္ခရောက်ကြတယ်။ ကောင်းတဲ့ စိတ်တွေကြောင့် ကောင်းတာတွေပြုမယ်၊ ပြောမယ်၊ ကြံမယ်ဆိုရင် ကောင်းကျိုးချမ်းသာ မင်္ဂလာတွေ ပြည့်စုံကြရမှာပါ။

ရောဂါနဲ့ဝေဒနာ
ရောဂါနဲ့ဝေဒနာကို ကွဲအောင်ကြည့်ပါ။ ကိုယ်ထဲမှာနာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ အဲ့ဒါက ရောဂါ။ အဲ့ဒီ ကိုယ့်အနာရောဂါကို အကြောင်းပြုပြီးတော့ စိတ်ထဲမှာ မခံသာတာက ဝေဒနာ(ခံစားချက်)။ ဖောက်ပြန်နေတဲ့ရောဂါကိုချည်း သွားကြည့်နေရင် သိပ်အခံရခက်တယ်။ စိတ်ထဲမှာ မခံသာတဲ့ဝေဒနာ(ခံစားချက်)ကို ကြည့်ပေးပါ။ မခံသာတဲ့ ဝေဒနာက သပ်သပ်၊ ရောဂါက သပ်သပ်။ မခံသာတဲ့စိတ်ကို ရှုကြည့်နေရင် ကိုယ်မှာ နာနေတာနဲ့ မဆိုင်တော့ဘူး။ သူများဖြစ်တာလေးကို ကြည့်နေရသလို၊ ဆရာဝန်က လူမမာကို ကြည့်ရသလို ကိုယ်ပါ ရောမနာတော့ဘူး။ ကိုယ်နာတာချည်း သွားကြည့်နေရင် ကိုယ်ရော စိတ်ပါရောနာသွားတယ်၊ မခံနိုင်ဘူး။ ပြင်ချင်တယ်၊ ပြောင်းချင်တယ်၊ အဲ့ဒီစိတ်ကလေးကို သိပေးပါ။ ပျောက်ချင်စိတ် ဖြစ်နေရင်လည်း အဲ့ဒီစိတ်လေးကိုပဲ သတိထားကြည့်၊ မကျေနပ်စိတ်ဖြစ်ရင်လည်း ကြည့်ပေး သိပေးပါ။

သက်သက်သာသာ၊ အေးအေးချမ်းချမ်း
ကိုယ်နိုင်သလောက်လေးကို လုပ်ပါ မနိုင်ရင် ပြောင်းလို့ ပြင်လို့ ရပါတ်။ သက်သက် အပင်ပန်းခံပြီး မလုပ်ရပါဘူး။ သည်းခံနိုင်သလောက် သီးခံပါ။ သိပ်နာကျင်ခံခက်မှု ဖြစ်လာရင် နာတာကြီးကို အာရုံမပြုပဲ အဲ့ဒီနာကျင်ခံခက်မှုကြောင့် စိတ်ထဲမှာ မခံချင်တဲ့ ခံစားချက်ကို အာရုံပြုပေးပါ၊ ရှုပေးပါ။ မကြိုက်ရင် မကြိုက်တဲ့စိတ်ကလေးကို အာရုံပြုပေးပါ၊ ရှုပေးပါ။ မကောင်းတဲ့ ခံစားချက်ကို သတိထားပြီး ရှုပေးပါ။ မတတ်နိုင်ရင် တော်လို့ရပါတယ်၊ စိတ်မှာတော့ အကုသိုလ် မဖြစ်ပါစေနဲ့၊ ကုသိုလ်ဆိုတာ စိတ်ကလေး အေးအေးချမ်းချမ်း ကြည်ကြည်လင်လင် သက်သက်သာသာပါပဲ၊ ဘာမှ မပူလောင်ပါဘူး

နာတာနဲ့ ကိုယ်နဲ့ မရောစေနဲ့
နာတာက သပ်သပ်၊ ကိုယ်ကသပ်သပ်၊ ကိုက်တာ ခဲတာက သပ်သပ်၊ ကိုယ်က သပ်သပ်။ အဲ့ဒီလို သပ်သပ်စီမှန်း သိအောင်ကြည့်ရပါတယ်။ တကယ်တော့ ကိုယ်ဆိုတာ မရှိပါဘူး၊ နာတဲ့ သဘောတရား ဖောက်ပြန်မှုမျှပဲ ရှိပါတယ်။

ဝေဒနာ ကုန် မကုန်
ရုပ်ရှိရင် ရောဂါရှိတယ်၊ စိတ်ရှိရင် ဝေဒနာရှိတယ်။ ရောဂါကို အမြစ်ပျက် ရှင်းလို့မရပါဘူး၊ ရုပ်ရှိသမျှ ရောဂါအမြဲ ရှိနေမှာပဲ၊ စိတ်ရှိသမျှ ဝေဒနာ အမြဲရှိနေမှာပဲ။ ဒါပေမယ့် ကိုယ်သာ နာပါစေ စိတ်မနာအောင်ုကျင့်ရမယ်တဲ့၊ စိတ်မနာအောင် အစွဲကင်းဖို့ပါပဲ။ ငါ့ခြေထောက်က နာတယ်၊ ငါ့ကျောက အောင့်တယ်ဆိုပြီး အဲ့ဒီ အစွဲကြောင့် မခံချင်ဘူး ပြောင်းချင် ပြင်ချင်တယ်။ မခံချင်တဲ့စိတ်၊ ပျောက်ချင်တဲ့စိတ်၊ ပြောင်းချင်တဲ့စိတ်ကလေး အဲ့ဒီ နာမ်သဘောတရားလေးကို ဖြစ်တိုင်း ဖြစ်တိုင်း လိုက်သိသိပေးပါ။

ဘ၀အဓိပ္ပါယ်
အများအားဖြင့် လူတွေမှာ ရွှေရှိတယ် ပြောပြော ငွေရှိတယ်ပြောပြော ယခုလက်ငင်း ပစ္စုပ္ပန်အချိန်မှာ စိတ်ကလေး အေးအေးချမ်းချမ်းနဲ့ ကြည်ကြည်လင်လင် မနေနိုင်ဘူးဆိုရင် လူ့ဘ၀ဟာ ဘာမှ တန်ဖိုးမရှိဘူး၊ ဘာအဓိပ္ပါယ်မှလဲ မရှိဘူး။ ရခဲတဲ့ လူ့ဘ၀မှာ ရခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ ရနိုင်မှ လူဖြစ်ရကျိုးနပ်တယ်။

တစ်ယောက်တည်း တည်အောင်နေ
စိတ်ဆိုတာ တရားမပါရင် ဘယ်အာရုံနဲ့မှ မတည့်ဘူး။ အာရုံတိုင်းနဲ့ အကုန်ရန်ဖြစ်တဲ့ သဘောရှိတယ်။ အသံထွက်ပြီး မဖြစ်လည်း အသံတိတ် ရန်ဖြစ်တယ်၊ စိတ်ထဲက မကျေနပ်ဘူး။ စားရင်းနဲ့လည်း သူကအစားကြီးတယ်၊ သူကလက်သွက်တယ်နဲ့ ရန်ဖြစ်တယ်။ အာရုံနဲ့စိတ် အဆင်ပြေဖို့ကတော့ သတိထားတဲ့ တရားကပဲ အာမခံပါတယ်။ သတိကင်းမဲ့ မေ့လျောနေရင် လောဘ၊ ဒေါသ၊ မောဟ အပူတွေနဲ့ လောင်မြိုက်ခံနေရတယ်။

ဘ၀ ၀ဋ်ကြွေး ဆပ်နည်း
ဘ၀ ၀ဋ်ကြွေးဆပ်တဲ့ နေရာမှာတော့ သတိနဲ့နေပြီး ဆပ်တဲ့ နည်းပဲရှိတယ် တစ်ခြား နည်းလမ်းမရှိဘူး။


အသေကောင်းကြောင်း နည်းလမ်းကောင်း
ကိစ္စမများ၊ စကားနည်းစေ၊
အိမ်နေမှုနည်း၊ တစ်ကိုယ်တည်းပျော်လေ၊
ရောနှောမှုကင်း၊ ချဲ့ခြင်းရှောင်သွေ၊
အသေကောင်း၊ အပေါင်း ဂုဏ်ခြောက်ထွေ၊
အနေကောင်း၊ အပေါင်း ဂုဏ်ခြောက်ထွေ။
ယောဂီတို့ တရား တိုးတက်ချင်ရင် ဂုဏ်အင်္ဂါ ခြောက်ပါးရှိမှ အနေလည်းကောင်း၊ အသေလည်းကောင်းမယ်။
ကိစ္စမများ = ကိစ္စများပြီး သတိလက်လွတ် ဖြစ်ကြလို့ ဒုက္ခတွေများလှပါပြီ၊ ကိစ္စတိုင်း ကိစ္စတိုင်း ဘာပဲလုပ်လုပ် သတိလက်လွတ် မဖြစ်စေနဲ့၊ သတိနဲ့လုပ်ရင် တရားအလုပ် ဓမ္မအလုပ် ဖြစ်သွားပါတယ်။
စကားနည်းစေ= စကားနည်းရမယ်တဲ့။ နည်းတဲ့ထဲမှာ ပြောသမျှကိုလည်း သတိထား ပြောပါ၊ အကျိုးမရှိတဲ့ စကားကို အတတ်နိုင်ဆုံးရှောင်၊ အကျိုးရှိတာပဲပြော၊ ဘာပြောပြော သတိကလေးနဲ့ပြောပါ။ သတိကလေးနဲ့ ပြောရင် အကျိုးမရှိတဲ့ စကားတောင် အကျိုးရှိသွားတယ်။
အိပ်နေမှုနည်း = အအိပ် မများရဘူးတဲ့၊ သတိလေးနဲ့ နိုးနိုးကြားကြား ကောင်းသော နိုးကြားခြင်းဖြင့် နိုးကြားနေပါ။
တစ်ကိုယ်တည်းပျော်လေ = တစ်ချို့ အိမ်မှာတုန်းက တစ်ကိုယ်ရေ တစ်ကာယပဲ ၊ ရိပ်သာတတ်တော့မှ အဖော်တွေနဲ့၊ တရားသမားနဲ့ မတူတော့ဘူး။ ကိုယ်လည်း တစ်ကိုယ်ရေ တစ်ကာယ၊ ကာယ၀ိဝေက၊ စိတ္တ၀ိဝေက။ တစ်ကိုယ်တည်းနေ တစ်စိတ်တည်းထား၊ ဆိုတာ တရားအားထုတ်တဲ့ အချိန်ကလေးပဲ။ ကိုယ့်နားမှာ လူဘယ်လောက်ပဲ များနေနေ၊ ကိုယ်တစ်ယောက်တည်း၊ တစ်စိတ်တည်း ဖြစ်နေတယ်။ ကိုယ့်အဖော်မပါရဘူး အဖော်ကင်းကင်း စိတ်အဖော်လည်း မပါရဘူး။ စိတ်အဖော်က လောဘပါပဲ၊ အာရုံတွေပေါ်မှာ သာယာတဲ့ လောဘ မပါရဘူး။ ဟိုဟာလိုချင် ဒီဟာလိုချင်၊ ဟိုတွေး ဒီတွေး တရားထိုင်ရင်း စိတ်ကူးတာ၊ တရားထိုင်ရင်းနဲ့ အတွေးတွေ ၀င်နေတာ သတိထားပေးရမယ်။ အဲ့ဒါတွေကို နိုင်တာက သတိပဲ ရှိတယ် သတိလေးနဲ့ စိတ်မှာ ဖြစ်တိုင်း ဖြစ်တိုင်းသိ၊ ကိုယ်မှာ ဖြစ်တိုင်းဖြစ်တိုင်းသိ၊ သိစရာနဲ့ သိတာ နှစ်ခုပဲ ရှိတယ်။ သတိလေးနဲ့ပျော်ရမှာ။
ရောနှောမှုကင်း = ပရိသတ်နဲ့၊ အများနဲ့၊ အပျော်ပါးနဲ့ မရောနှောရဘူး။ ဒီမှာ ရက်ပိုင်းကလေး လာနေကြတဲ့ ဥစ္စာ၊ ရောနှောမှုကင်းရမယ်။ ဟိုကိစ္စ ဒီကိစ္စ၊ ဟိုဆက်သွယ်လုပ် ဒီဆက်သွယ်လုပ်ဆိုရင် တရားအလုပ်ပျက်တယ်။ အလွဲသာ မကင်းသာရင်လလည်း သတိလေးနဲ့ လုပ်ပါ။ တရားလက်လွတ်မဖြစ်စေနဲ့။ သတိရှိနေတဲ့အတွက် ဆိုးဆိုးဝါးဝါးတွေ မဖြစ်တော့ဘူး။ အဆိုးက အကောင်းဖြစ်သွားတယ်။ သတိမရှိရင် အကောင်းကလည်း အဆိုးဖြစ်သွားတယ်။
ချဲ့ခြင်း ရှောင်သွေ = ချဲ့တတ်တာ တဏှာ၊ မာန၊ ဒိဋ္ဌိ သံသရာ နယ်ချဲ့သမားသုံးပါးပဲ။ တဏှာလောဘဟာ ချဲ့ထွင်သမားပဲ။ စားမှု၊ ၀တ်မှု၊ နေမှု၊ ထိုင်မှုတွေ ချဲ့ထွင်၊ အကုသိုလ်တွေ ကျယ်ပြန့်သွားအောင် ချဲ့ထွင့်တဲ့ သဘောပဲ။ ဆင်ရဲဒုက္ခတွေများအောင် ချဲ့ထွင်ပေးတာ သူပဲ။ ယောဂီတစ်ယောက် လိုချင်မှုကြောင့် အိမ်ပြန်ရမလိုဖြစ်နေတယ်။ တရားနာလိုက်တော့မှ အဲ့စိတ်ပျောက်သွားတယ် စိတ်ကို လွတ်ထားရင် အဲ့လိုပဲ ဖြစ်တတ်တယ်။ မာနလည်း ချဲ့ထွင်၊ ဒိဋ္ဌိကလည်း ချဲ့ထွင်၊ အိုမှု၊ နာမှု၊ သေမှုတွေ ခဏခဏ ရောက်အောင်၊ ဆင်းရဲဒုက္ခတွေ ခဏခဏရောက်အောင် ချဲ့ထွင်ပေးတဲ့ တရားတွေ၊ သံသရာ နယ်ချဲ့တရားသုံးပါး။ ဒီဟာတွေနဲ့ ချဲ့နေရင် သံသရာဝဋ်က ကျွတ်လွတ်တဲ့ တရားထူး တရားမြတ်တွေ မရပဲနေလိမ့်မယ်။ အဲ့ဒါတွေရှောင်မှ အနေလည်းကောင်း၊ အသေလည်းကောင်းမှာ။ အနေကောင်းမှ အသေကောင်းမယ်။ အနေတတ်မှ အသေသတ်မယ်။

သတိထားတာနဲ့ သတိရှိတာ
သတိထားရင်းက သတိရှိလာတယ်၊ သတိရှိလာရင် သက်တောင့်သက်သာရှိတယ်၊ ပထမတော့ အားမရစရာလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ သိနေရလို့ အားမရသလို ဖြစ်တယ်။ နည်းနည်းလေး စိတ်စိုက်အားကြီးရင် တင်းကျပ် ပင်ပန်းလာတယ်။ ခေါင်းရော ကိုယ်ရော တင်းကျပ်လာတယ်။ ဒါဆိုရင် သတိထားရင်းနဲ့ သတိလွတ်နေပြီ၊ သတိမရှိတော့ဘူး။ စိတ်ကိုလျှော့ပေးပါ။ တစ်ချို့ ယောဂီတွေ တော်တန်ရုံနဲ့ ပြန်လျှော့လို့ မရဘူး စိတ်ရော ကိုယ်ရော လျှော့ပြီး အေးအေးလေး ကြည့်ပေးပါ။ ပုဂ္ဂိုလ်ရဲ့ အလုပ်က သတိထားတော။ သတိထားလို့ သတိရှိလာပြီဆိုရင် ဓမ္မအလုပ် ဖြစ်သွားတယ်။ ဓမ္မအလုပ်ဖြစ်သွားရင် မှန်ကန်တဲ့ အသိ၊ မှန်ကန်တဲ့ အားထုတ်မှု၊ အဲ့ဒါတွေက သဘာဝဖြစ်နေတယ်။

လုပ်မရှုနဲ့၊ ဖော်မရှုနဲ့
ပူတာလေးကို ကြည့်ရင်းနဲ့ ပူတာလေး လျော့သွား ပျောက်သွားလို့ ပူတာမရှိရင် အေးတာရှိ၊ အေးတာကိုကြည့်၊ အေးတာကို ရှုရင်း ပျောက်သွားလို့ အေးတာမရှိရင် လှုပ်တာရှိ၊ လှုပ်တာကိုကြည့်၊ လှုပ်တာရှုရင်း လှုပ်တာပျောက်သွားရင် ငြိမ်တာရှိ ငြိမ်တာကိုပဲ ဆက်ရှု။ အဲ့ဒီလို သဘောမပေါက်တော့ လုပ်လုပ်ပြီး ရှုကြတယ်၊ ဖော်ဖော်ပြီး ရှုကြတယ်၊ ကြောင့်ကြစိုက်ကြတယ်။ သူ့သဘာဝပေါ်တဲ့အတိုင်း သူ့သဘာဝပဲလို့ သဘောပေါက်ပြီး ရှုသွားရမယ်။ ကြမ်းတာ၊ နုတာ အကြောင်းမဟုတ်ဘူး၊ သတိဆက်စပ်ဖို့ သတိထားနိုင်ဖို့ အဓိကပဲ။

တရားစရှုတဲ့အခါ
ကိုယ်ရော စိတ်ေ၇ာ အေးအေးသက်သာနဲ့ ညီညီညွတ်ညွတ်လေး ထားပြီးတော့ ပေါ်တာ သိတာ ထင်ရှားတာလေးကို သတိလေးထားပေး။ ပုံမှန်အားဖြင့်တော့ နှာသီးဖျားမှာ စိတ်ကလေးထား။ ထွက်လေ ၀င်လေ သတိကပ်ဖို့၊ ထွက်တိုင်းသိ ၀င်တိုင်းသိ။ နောက်တော့ ပေါ်ရာပေါ်ရာ ထင်ရှားရာ သတိလေးထားပေး၊ ခန္ဓာမှာ ပေါ်တာသိ၊ ဖြစ်သမျှတွေ လိုက်သိ။ သိစရာမရှိရင် ထွက်လေ၀င်လေပေါ်မှာ သတိထားနေ။ တစ်နေ့လုံး သွားလာ လှုပ်ရှားထားတာ၊ ပူလောင်ပင်ပန်းထားတာကို သိရုံလေးသိပေး၊ ပူလောင်မှုသက်သာပြီး အေးဆေးသက်သာဖြစ်သွားမယ်။
တန်ခူး၊ ကဆုန် နေထက် ပိုပှုတယ်
အားလုံး သတ္တ၀ါတွေ မီးဝိုင်းခံနေရတယ်။ မီးဆယ့်တစ်ပါး ၀ိုင်းဝိုင်းလည်နေတယ်။ သတိထားနေရင် မီးလွတ်နေတယ်၊ လောဘမီး၊ ဒေါသမီး၊ မောဟမီး၊ ဘ၀သစ်ဖြစ်ရတဲ့ ဇာတိမီး၊ ရင့်အိုရတဲ့ ဇရာမီး၊ စက္ကန့်တိုင်း အမြဲလောင်နေတယ်။ မရဏမီးကလည်း ရုပ်ရော နာမ်ရော၊ သိစရာရော၊ သိတာရော အမြဲမပြတ်လောင်နေတယ်။ သောကမီး၊ သောကတွေကတော့ မျိုးစုံပဲ။ ပရိဒေ၀မီး၊ ငိုကြွေးရလို့ မျက်ရည်ပင်လယ်ဝေအောင် ကျခဲ့ရပေါင်း များပြီ။ တန်ခူး၊ ကဆုန်နေပူတာ ပြင်းထန်တယ်ဆိုပေမယ့် မျက်ရည်ကျလောက်အောင်တော့ မပူပါဘူး။ သောက ပရိဒေ၀မီးကြောင့် မျက်ရည်ပေါက်တွေ တောက်တောက်ကျရတယ်။ ဘယ်လောက်ပူသလဲကြည့်၊ အပူငြိမ်းတဲ့ တရားကတော့ သတိပဲ။ ရှုရင်းနဲ့ ကိုယ့်မီးဝိုင်းတာကို မီးဝိုင်းမှန်း သိသွားရင် သိပ်တန်ဖိုးရှိတယ်။ တစ်ချို့ယောဂီတွေ အဲ့လိုမသိဘူး။ မီးဆိုတာ တစ်ခြားက လာတာမဟုတ်ဘူး ကိုယ့်စိတ်ထဲက ထွက်လာတာပါ။

သတိပဋ္ဌာန် တရား
လုံးစုံဘုရား၊ တပည့်သားတို့
ကြွသွားနိဗ္ဗာန်၊ လမ်းဟုတ်မှန်
သတိပဋ္ဌာန် အကျင့်မြတ်။
ကိုယ်လေးကို အေးအေးသက်သာထားပြီး ထင်ရှာတာအပေါ် သတိထားတာကို သတိပဋ္ဌာန်ပွားတယ်ခေါ်တယ်။ သတိကြောင့် အပူသောကခပ်သိမ်း ငြိမ်းအေးပြီး ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းမှုတွေ ကင်းပျောက်လို့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်ကြရတယ်။
သက်သသလိုနေ၊ ထင်ရှားတာကိုမှတ်၊ သတိပဋ္ဌာန် တရားမြတ်။ သက်သာသလိုနေပြီး ပေါ်ရာ၊ ထင်ရှားရာကို သတိထားနေရုံပါပဲ။ ဒီကြားထဲ ရံခါ စိတ်ကလေးကို နည်းနည်းကြည့်ပေး၊ မကြည့်ရင် စိတ်က ရှုနေတဲ့ကြားက ဘယ်ကိုလွင့်နေလဲ၊ ဘယ်လိုတွေးနေလဲ မသိဘူး၊ သတိထားပြီး ပြန်စစ်ရင် သိလာတယ်။ တွေးရင် တွေးမှန်းသိဖို့။ လွင့်ရင် လွင့်မှန်းသိဖို့။ စိတ်မငြိမ်တာကို မငြိမ်မှန်းသိဖို့ အရေးကြီးပါတယ်။

သမထနဲ့ ၀ိပဿနာ
တည်ငြိမ်ရုံမျှ ရှုနေက သမထ ဘာဝနာ။ လက္ခဏာသုံးရပ် သိပြီးမှတ် ၀ိပဿနာ ဘာဝနာ။ ရုပ်တရား နာမ်တရားတွေ ဖြစ်ပေါ်လာပုံ၊ ပျောက်သွားပုံ အဲ့ဒီ သဘောလက္ခဏာလေးကို သိနေတဲ့အတွက် မခိုင်မြဲတာကို သိလာမယ်။ ဖြစ်ခြင်း၊ ပျက်ခြင်း နှိပ်စက်နေလို့ မကောင်းတာပဲလို့ သိလာ၊ တပ်မက် သယာစရာ မဟုတ်ဘူးလို့ သိလာတယ် ဒီအသိညဏ်ဟာ အမှန်သိမှု ညဏ်ကုသိုလ်ပဲ။

သောဝစဿတာဂုဏ်ရှိမှ
ဝေဘူဆရာတော်ဘုရားကြီး ခဏခဏ ဆုံမပါတယ် သောဝစဿတာဂုဏ်နဲ့ ပြည့်စုံမှ တရားရနိုင်တယ်တဲ့။ သောဝစဿတာဂုဏ်ဆိုတာ ပြောဆို ဆုံးမလွယ်တာပါပဲ။ အဲ့ဒီအဆုံးအမကို မလိုက်နာရင် မလွယ်ဘူး၊ အဲ့ဒီ အဆုံးအမမျိုး မရရင်လည်း မလွယ်ဘူး။

ဆားမပါတဲ့ဟင်းလို
ဆားမပါတဲ့ဟင်း အရသာမရှိသလို သတိမပါတဲ့ အပြောအဆို အလုပ်အကိုင်တွေလည်း ပေါ့ပြက်ပြက်ပဲ။ သတိရှိတယ်ဆိုတာ ကိုယ်နဲ့စိတ် ဖြစ်တာတစ်ခုခုပေါ် သတိမလွတ်ဖို့ ပြောတာပါ။ ပါးစပ်က လိုက်ဆို၊ လိုက်မှတ်နေဖို့ မဟုတ်ဘူး။

ညဏ်စခန်းမရောက်သေးရင်
အားထုတ်ဖို့ အားမရဖြစ်တာ ညဏ်စခန်း ထိထိရောက်ရောက် မရောက်သေးလို့ အားမရဖြစ်တာပါ။ ညဏ်စခန်းရောက်သွားမှ အဲ့ဒါ ဓမ္မဗျာပါရ၊ ဓမ္မဗျာပါရဖြစ်ရင် သိသင့်သိထိုက်တာကို ညဏ်က သိနေမယ်။ ညဏ်က ဆုံးဖြတ်ပေးတယ်၊ မှန်တာလည်းသိ၊ မမှန်တာလည်းသိ၊ အဲ့လို ဓမ္မဗျာပါရ ဖြစ်လာရင် ကြောင့်ကြစိုက်နေရတဲ့ အနေမျိုးမဖြစ်တော့ဘူး ဓမ္မအလုပ် ဓမ္မလုပ်သွားတာပဲ။ သတိလေး ရှိနေတာ့ ညဏ်ပေါ်လာတယ် ညဏ်ပေါ်လာတော့ သိစရာနဲ့ သိတာကို သိနေတာပဲ။ အဲ့လိုပဲ စားနေရင်းနဲ့လည်း သိရမယ်၊ သွားနေရင်းနဲ့လည်း သိရမယ်။ သူ့သဘာဝ ဓမ္မသဘောအတိုင်း သိရုံ၊ သိရုံကလေး သိနေရုံပဲ။ ပုဂ္ဂလဗျာပါရ ပါနေတုန်းခဏမှာတော့ ပုံဖော်ပြီး သိတာမျိုးပါ၊ သဘာဝ မရောက်ဘူး။ တရားက ပုဂ္ဂလဗျာပါရနဲ့ မရဘူး ဓမ္မဗျာပါရနဲ့မှ ရတယ်။ ဓမ္မဗျာပါရဖြစ်ဖို့က သူတော်ဆည်းကပ် မြတ်တရားနာ၊ သဘောထားမှန်ရတယ်၊ အယူအဆ၊ အတွေးအခေါ်မှန်မှ ညဏ်ဖြစ်တယ်။

မမေ့ရင် နိဗ္ဗာန်၊ မေ့ရင် သုဿန်
မြတ်စွာဘုရား အဆုံးအမတွေကတော့ အများကြီးပဲ သို့သော် အပ္ပမာဒထဲ အကုန်လုံး အကျုံးဝင်သွားတယ်။ အပ္ပမာဒေါ အမတံ ပဒံ (မမေ့ရင် မသေတဲ့ နိဗ္ဗာန်ကို ရောက်မယ်)။ ပမာဒေါ မစ္စုနော ပဒံ (မေ့ရင်တော့ သုဿန်ရောက်မှာပဲ)။ တစ်နေ့ တစ်နေ့ မေ့တာနဲ့မမေ့တာ ဘယ်ဟာ ပိုများလဲဆိုတာ ကိုယ့်ဟာကိုယ် အသိဆုံး။ နိဗ္ဗာန်သွားမှာနဲ့ သုဿန်သွားမှာ ဘယ်ဒင်းက များမယ် သတိလေးနဲ့နေကြပါ။ သုဿန်သွားစရာ မလိုတော့ပါဘူး။

သာသနာပြုနည်း
စိတ်ရှည်ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန်သာသနာ။ သာသနာပြုတယ်ဆိုတာ ဇွဲရှိမှ၊ စိတ်ရှည်မှ၊ စိတ်ရှည်ထား အားထုတ်ရတယ်။ စိတ်မရှည်ရင် လိုချင်တဲ့ ပန်းတိုင် ရောက်ဖို့မလွယ်၊ ဇွဲလည်သန်ရမယ်၊ ဇွဲမသန်ရင် နိဗ္ဗာန်ရဖို့ မလွယ်ဘူး။ ယောဂီဆိုတာ စိတ်ရှည်မှ၊ အစစအရာရာ သည်းခံမှ၊ တစ်ခါတစ်လေ ကြုံကြရ ဆုံကြရတာ။ (၁) သူမှန်ရင်လည်း ၀မ်းသာလိုက်ပါ။ (၂) သူမှားရင်လည်း သနားလိုက်ပါ။ (၃) မှန်မှန်မှားမှား ကုသိုလ်ပွားပါစေ။ သူ့ခမျာ မှားပြီးတော့ မလုပ်တတ် မကိုင်တတ် ဖြစ်နရင် ကူစရာရှိ ကူညီလိုက်ပါ အဲ့လိုမှ စိတ်အေးချမ်းသာ ဖြစ်မယ်၊ အိမ်မှာလဲ ဒီလိုပဲ ကျင့်ရမယ်နော်။ လူလူချင်း၊ ပုဂ္ဂိုလ်ချင်းချင်း သည်းမခံရင် ခိုက်ရန်ဒေါသ ဖြစ်တတ်တယ်။ တရား သည်းမခံရင် နိဗ္ဗာန်နဲ့ ဝေးသွားမယ်။ အစားအသောက်လည်း သီးခံ၊ အနေုထိုင်လည်း သီးခံ နေချင်သလိုမနေတော့ဘူး၊ စားချင်သလို မစားတော့ဘူး ပြောချင်သလို မပြောတော့ဘူး၊ အိပ်ချင်တိုင်း မအိပ်တော့ဘူး အဲ့လို ဇွဲသန်သန်နဲ့ အားထုတ်ရင် သတိညဏ်တွေ ပြည့်စုံလာမယ်။ သီးခံမှ နိဗ္ဗာန်ရောက်ဆိုတဲ့ စကားရှိတယ်။ ကိုယ့်နှလုံးသားမှ တရားရောက်အောင် သီးခံရမယ်။ ပြည်တွင်းပြည်ပ သာသနာ အသာထားအုံးနော် ကိုယ့်နှလုံးသားမှာ သာသနာအရင်ပြုရမယ်။ ကိုယ်နှုတ်တွေ စင်ကြယ်ရမယ်၊ စိတ်တွေ စင်ကြယ်ရမယ် အသိညဏ်တွေ စင်ကြယ်ရမယ်။ စင်ကြယ်မှ ၀ိသုဒ္ဓိဖြစ်မယ်၊ ၀ိသုဒ္ဓိဖြစ်မှ ၀ိမုတ္တိ ဖြစ်မယ်၊ အကျဉ်းချုံ့လိုက်တော့ ၀ိသုဒ္ဓိနဲ့ ၀ိမုတ္တိ ပဲရှိတယ်၊ အဲ့ဒီနှစ်ခု ပိုင်အောင်ကြိုးစား။ အဲ့လိုဖြစ်အောင် စိတ်ရှည်ရမယ်၊ ဇွဲကောင်းရမယ်၊ သီးခံရမယ်၊ မာန မရှိရဘူး။

ကုသိုလ်ဆိုတာ
ကုသိုလ်ဆိုတာ ဘယ်ကုသိုလ်ဖြစ်ဖြစ် အပြစ်ကင်းပြီး စိတ်ကြည်လင်နေရတယ်။ ပင်ပန်းတာ၊ ပူပန်တာ၊ မနှစ်ခြိုက်တာ၊ စိုးရိမ်တာ၊ မပျော်ပိုက်တာတွေက အကုသိုလ်တွေပဲ။ ကုသိုလ်က ကြည်လင်တယ်၊ လန်းဆန်းတယ်၊ သွက်လက်ပေါ့ပါးတယ်၊ အေးချမ်းတယ်။ ဒီလို ကုသိုလ်ဖြစ်အောင် စိတ်ရှည်ရတယ်၊ သည်းခံရတယ်။

သာသာနာကိုယ်မှာရောက်မှ
သာသနာ ကိုယ်မှာရောက်မှ ဘေးတွေကွယ်ပျောက်ချမ်းသာရောက်မယ် ဆိုတဲ့အတိုင်း သတိရှိနေတဲ့အတွက် သီလ သာသနာ ကိုယ်မှာရောက်နေတယ်၊ သတိရှိနေတဲ့အတွက် ၀ီရိယနဲ့ သမာဓိညီညွတ်လို့ သမာဓိရှိ၊ သမာဓိသာသနာ ကိုယ်မှာရောက်ပါတယ်။ သတိရှိနေတဲ့အတွက် ပညာမဂ္ဂင်ဖြစ်ခွင့်ရတယ် သတိမရှိရင် ပညာဘယ်လိုမှ ဖြစ်ခွင့်မရ၊ ဘာဝနာပညာ မဂ္ဂင် မဖြစ်နိုင်၊ သတိကင်းသူမှာ ပညာဘာဝနာမဖြစ်နိုင်။ သာသနာကိုယ်မှာရောက်လို့ ဘေးတွေကွယ်ပျောက်ချမ်းသာရောက်အောင် သတိပဋ္ဌာန်တရား ပွားများကြပါ။

မီးလွတ်စားနည်း
အရူးမီးဝိုင်းတယ်ဆိုတာ ကြားဖူးတယ်နော် တွေ့ရောတွေ့ဖူးကြလား (မတွေ့ဖူးပါဘုရား)။ မီးဝိုင်းတာကိုတော့ မတွေ့ဖူးကြဘူး ဒါပေမယ့် မီးလွတ်စားတာတော့ ရှိတယ် ဘယ်လိုစားရင် မီးလွတ်တယ်တဲ့၊ သီးနှံစားရင် လွတ်တယ်တဲ့နော် အဲ့ဒါလွတ်တာက ဘယ်မီးလဲ (မီးဖိုထဲက မီးပါဘုရား)။ မီးဖိုထဲကမီးက ချက်ပြုတ်တဲ့သူတောင်လွတ်တာပဲ၊ ထမင်းပွဲရောက်မှ စားတဲ့သူတွေလဲ လွတ်တာပေါ့။ ဘယ့်နှယ် မီးဖိုထဲကမီးကို သွားရှောင်နေကြတာကိုးနော်၊ မီးဖိုးထဲက မီးက အပယ်မချပါဘူး၊ မီးဖိုထဲက မီးက မီးဖိုထဲပဲနေတာ ထမင်းဝိုင်းမှာ လာမရိုင်းပါဘူး။ ထမင်းဝိုင်းကလောင်တဲ့မီး လွတ်မှပေါ့။ ဟင်းကောင်းလေးချက်ရင် လက်သွက်တယ်ဆိုတာ သူ့လက်ချည်းပဲဆိုတာ ဘာမီးဝိုင်းတာလဲ (လောဘမီးပါ ဘုရား)။ ကိုယ့်ထက်လက်သွက်တဲ့သူပါတော့ ကျေနပ်ရဲ့လား၊ မကျေနပ်တော့ ဘာမီးဝိုင်းတာလဲ (ဒေါသမီးပါ ဘုရား)။ ဘယ်သူ့ကို ၀ိုင်းတာလဲ အရူးကိုလား၊ အကောင်းကိုလား၊ (အကောင်းကိုပါ ဘုရား)။ ဒါဖြင့် လောဘမီးလည်းမဖြစ်၊ ဒေါသမီးလည်း မဖြစ် အမှုမဲ့ အမှတ်မဲ့စားလို့ပြီးသွားပြီ၊ မီးဝိုင်းစရာ ရှိသေးလား (မောဟမီး ၀ိုင်းပါတယ်ဘုရား)။ ဟာ-ဒုက္ခပဲ ဒါဖြင့် ဘယ်မှာ မီးလွတ်တာရှိလို့လဲ မစားပဲနေလို့ကလည်း မဖြစ် ခက်တာပဲ၊ ဘယ်နှယ်လုပ်မလဲ မီးလွတ်အောင်၊ (သတိနဲ့စားပါမယ် ဘုရား)။

တရားအားထုတ်တယ်ဆိုတာ
မျှမျှတတကလေးနေ၊ သတိကလေးထားနေ၊ ကိုယ်လေးကိုဖြောင့်ဖြောင့်ထား၊ ခါလေးကိုတည့်တည့်၊ ခေါင်းလေးကိုတည့်တည့်ထားပြီးတော့ ပေါ်တိုင်း ဖြစ်တိုင်းကို သိနေ၊ ညဏ်ကုသိုလ်ဖြစ်နေပါပြီ။ တရားအားထုတ်တယ်ဆိုတာ ဒါပါပဲ။ အတင်းထိန်းထား၊ တောင့်ထား မလုပ်ရဘူး၊ လုပ်မရှုရ၊ ချုပ်မရှုရ၊ ပေါ်တိုင်း ဖြစ်တိုင်းလေးကို သူ့သဘာဝအတိုင်း အမှန်အတိုင်း သိနေတာ သမ္မဒိဋ္ဌိပဲ။ ဖြစ်အောင်လည်း မလုပ်ရဘူး။ ပျက်အောင်လည်း မလုပ်ရဘူး။ ဖြစ်အောင်လုပ်ရင် လောဘ။ ပျက်အောင်လုပ်ရင် ဒေါသ။ ဖြစ်တိုင်းဖြစ်တိုင်း သိနေရမယ် မသိရင် မောဟ။ သတိထား၊ သတိရှိနေရင် သီလသိက္ခာလည်း ပြည့်စုံသွားတယ်၊ သမာဓိသိက္ခာလည်း ပြည့်စုံ၊ သတိက မဂ္ဂင်ထိုက်တဲ့ သတိဆိုတော့ အဲ့ဒီ သတိကြောင့် စိတ်စင်ကြယ်မှုဖြစ်တယ်။ စိတ်ကြည်မှ အသိအမြင် စင်ကြယ်တယ်။ သီလ၀ိသုဒ္ဓိကို အခြေခံပြီး စိတ္တ၀ိသုဒ္ဓိဖြစ်ရင် စိတ်စင်ကြယ်တော့ ညဏဒဿန ၀ိသုဒ္ဓိတွေ အဆင့်ဆင့်ဖြစ်လာရင် ရုပ်နာမ် ပိုင်းခြားသိလာတယ်၊ အကြောင်းအကျိုးသိလာတယ်။ သိစရာနဲ့သိတာ၊ အရှုခံနဲ့ရှုစိတ်၊ ဒီနှစ်ခုကလွဲလို့ ဘာမျှမရှိ သိစရာကြောင့် သိမှုဖြစ်တာပဲ ဘယ်သူ့ကမှ သိအောင်လုပ်နေတာ မဟုတ် ဘယ်သူကမှ မြင်အောင်၊ ကြားအောင်၊ နံအောင်၊ စားအောင် လုပ်နေတာမရှိ။ ပြုတတ်ကြံတတ် ပြောဆိုတတ်၊ သိမှတ်ခံစားတတ်တယ်ဆိုရင် ဒါဟာ အတ္တ စွဲပဲ။ သိစရာကြောင့် သိမှုဖြစ်နေတာပဲ၊ အကြောင်းကြောင့် အကျိုးဖြစ်နေတာပဲ၊ အကြောင်းနဲ့ အကျိုး ရှင်းရှင်းလေးပဲ အစကတော့ တစ်ကိုယ်တည်း တစ်ယောက်တည်းလို့ စွဲလမ်းထားတာ ဒိဋ္ဌိစွဲပဲ။

ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှု ၀င်ရောက်သည်။
မြဲတယ် ကောင်းတယ်၊ ငါကောင်နှယ်၊ တကယ်ထင်တတ်သည်ဆိုတာ အဲ့ဒါပဲ။ အစွဲဒိဋ္ဌိပဲ။
ဖြစ်ခိုက် မှတ်ရှု ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။
မမြဲဆင်းရဲ ရုပ်နာမ်ပဲ၊ ညဏ်ထင်ရှင်းတော့သည်။ ဒါဟာ အစွဲကင်းတဲ့ အသိပဲ။
စွဲမှုကင်းပျောက် မဂ်လမ်းပေါက်၊ ဆိုက်ရောက် နိဗ္ဗာန်။
သိစရာလည်း အမြဲဖြစ်ပျက် သိပြီးတာနဲ့ မရှိတော့ဘူး။ သိတာလည်း အမြဲဖြစ်ပျက်၊ သိစရာရော သိတာရော၊ ပေါ်တာလေးရော သိတာလေးရော တစ်တွဲတစ်တွဲ ဖြစ်ပျက်နေတယ်။ ဖြစ်ပြီးပျက်နေတဲ့ ဖြစ်လိုက် ပျက်လိုက်နဲ့ နှိပ်စက်နေတဲ့အတွက် မကောင်းတာတွေပဲ အသုံးမကျတာတွေပဲလို့ သိလာတယ်။ ဤ ကိုယ်ကယ၊ တစ်လံမျှ၌ နှစ်ဝရုပ်နာမ် ဖြစ်၍ ချုပ်၏။ နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍ ဤကားလိပ်ပြာ၊ ဤကား ငါတည်း…..။ ဘယ်မှာလဲ ငါ၊ သိစရာ ရုပ်တရား၊ သိမှုကလည်း နာမ်တရား၊ အဲ့ဒီ ရုပ်တရားလေးကို အမှီပြုပြီး ဖြစ်လာတဲ့ သိမှုပဲ ငါဆိုတာမရှိ၊ ငါကသိတာမဟုတ်။ အဲ့လိုဖြစ်တိုင်း ဖြစ်တိုင်း အမှန်အတိုင်းသိရင် စွဲမှုတွေ ကင်းပျောက်သွားမယ်။


အမှတ်မဲ့ အမှုရောက်
မြတ်စွာဘုရားက ဒီတရားကို ခက်ခက်ခဲခဲကြီး မဟောဘူး လူတွေ မသိနိုင်တာကို မဟောပါဘူး။ လူတွေ သိနိုင်တာကိုပဲဟောခဲ့တာ စားရင်းသောက်ရင်း နိဗ္ဗာန်ရောက်အောင် ဟောခဲ့တာ ပြောခဲ့တာ ဗုဒ္ဓမြတ်စွာဘုရားပဲရှိတယ်။ စားတတ်ရင် နိဗ္ဗာန်၊ မစားတတ်ရင် အပယ်ငရဲ၊ လောဘနဲ့စားရင် ပြိတ္တာစား၊ ဒေါသနဲ့စားရင် ငရဲစား၊ မောဟနဲ့စားရင် တိရိစ္ဆာန်စားတဲ့။ ဒါကြောင့် သတိနဲ့စားဖို့ လိုရင်းပဲ သတိထားနေဖို့ပဲ အရေးကြီးတယ်။ လုပ်တာကတော့ ဘာအလုပ်ပဲဖြစ်ဖြစ် အမှုမဲ့ အမှတ်မဲ့ မဖြစ်စေနဲ့ အမှတ်မဲ့ရင် မောဟပဲ။ အမှတ်မဲ့ရင် အလကားနေရင်းနဲ့ မစားရ မသောက်ရပဲနဲ့ အမှုရောက်နေတယ်။ အမှတ်မဲ့ရင် အမှုရောက်ပြီးသားပဲ လောဘအမှုရောက်ရင် ပြိတ္တာဖြစ်မယ်၊ ဒေါသအမှုရောက်ရင် ငရဲ၊ မောဟအမှုရောက်ရင် တိရိစ္ဆာန်။ သတိထားနိုင်မှ ဒီသုံးခုက လွတ်တယ် သတိထားနိုင်မှ ဖြစ်မယ်။

ဗောဇ္စုင်တရား
(ဒကာ တစ်ယောက် သူက ဗောဇ္စုင်ကို ရွတ်လည်း ရွတ်တယ် ပွားလည်း ပွားတယ်။ သူသေဆုံးမယ့်အချိန် မတိုင်ခင်လေးမှာ သူ့နား သွားပြောပေးတယ် သူမောနေတယ်။) ဒကာ- ဒီဗောဇ္စုင်တရားဟာ အဲ့ဒီ မောနေတာလေးကို သိနေတာ သတိက သိနေတာ။ သိနေ သိနေရင် အဲ့ဒီ မောတာလေးနဲ့ သိတာလေးနဲ့ဟာ သိစရာနဲ့သိတာ။ အဲ့ဒါ ဓမ္မ၀ိစယ သမ္ဗောဇ္စုင်ပဲ။ သတိထားနေတာက သတိသမ္ဗောဇ္စုင်၊ နောက် ထပ်ခါထပ်ခါ သိအောင် လုပ်နေတာက ၀ီရိယသမ္ဗောဇ္စုင်၊ အဲ့လို သိနေတဲ့အတွက် စိတ်ထဲ အားရကျေနပ်မှုဖြစ်လာတယ် ပီတိသမ္ဗောဇ္စုင် ဖြစ်တယ်။ ပီတိသမ္ဗောဇ္စုင် ဖြစ်တော့ စိတ်အေးချမ်းလာတယ်။ (တပည့်တော် ပြည့်စုံပါတယ်ဘုရားတဲ့ လူမမာကပြောတယ်။) အေးအေးချမ်းချမ်းလေးဖြစ်လာတော့ ပဿဒ္ဓိသမ္ဗောဇ္စုင် ဖြစ်လာတယ်၊ စူးစိုက်တည်ကြည်မှု အားကောင်းလာတော့ သမာဓိသမ္ဗောဇ္စုင်။ အဲ့ဒီနောက်မှာ အလယ်အလတ်ပဲ ရှိတော့တယ် ဥပေက္ခာသမ္ဗောဇ္စုင်။ ကောင်းလို့လည်း ၀မ်းသာအားရမဖြစ်ဘူး၊ မကောင်းလို့လည်း စိတ်ဆိုးစိတ်ပျက်မဖြစ်ဘူး။ ၀မ်းသာမဖက်၊ စိတ်မပျက် ရှုပျက် လျစ်လျူနေ ဆိုတဲ့ အတိုင်း ဥပေက္ခာ သမ္ဗောဇ္စုင် ဖြစ်နေတယ်။ ဒါလူတိုင်းလုပ်ရင် ဖြစ်နိုင်တယ်။

ကျောင်းပြန်ရောက်တဲ့ တရား
သတိထားတဲ့ အလုပ်က ရိပ်သာမှာ ပြန်ထားခဲ့တာကိုး။ အိမ်မှာလည်း ထားရတယ်၊ အမြဲတမ်း ထားရတယ်၊ သတိလွတ်နေရင် ဘာဖြစ်လဲ အကုသိုလ်ပဲ။ လောဘ၊ ဒေါသ၊ မောဟ သုံးခုဟာ သတိသာ လွတ်နေရင် သူတို့ချည်းပဲ နေရာယူနေကြတာ။ သတိလွတ်တယ်ဆိုကတည်းက မောဟပဲ၊ ဒီကြားထဲက လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက် တစ်နေကုန် တစ်နေခန်း။ သတိထားလိုက်တော့ ကားမောင်းသွားလည်း သတိ၊ စားတာ သောက်တာလည်း သတိ၊ ချက်တာ ပြုတ်တာလဲ သတိ၊ သတိနဲ့လုပ်တော့ ချက်ရင်းပြုတ်ရင်းနဲ့လည်း တရားရသွားကြတယ်။ စားရင်းသောက်ရင်းနဲ့လည်း တရား ရသွားကြတယ်။ သတိကို အတင်းအတင်းသွားလုပ်ယူလို့တော့ မရဘူး။ လုပ်ယူရင် လုပ်တဲ့အခိုက်ပဲ။ လုပ်တဲ့အခိုက်လည်း ပညတ်ပေါ်မှာပဲ၊ ပညတ်သိပဲ သိလို့ရမယ်။ ပရမတ် သဘောတရား မရောက်ဘူး သူ့ဟာသူ သဘာဝအတိုင်းသိမှ။ ရချင်လို့လုပ်ရင် လောဘ၊ လုပ်တိုင်းမရတော့ ဒေါသ၊ ဖြစ်တိုင်း ဖြစ်တိုင်း မသိတာက မောဟ။ လုပ်ရမှာက သတိထားနေတာ ယောဂီအလုပ်ပဲ၊ ကျန်တာက သတိရှိနေရင် သတိရဲ့ အလုပ်ပဲ၊ ဓမ္မအလုပ်၊ ဖြစ်ပျက်သမားကလည်း ဖြစ်ပျက်မြင်အောင် အတင်းလိုက်လုပ်တယ်။ အာရုံကောင်းအောင် လုပ်တယ်၊ နာတာကျင်တာတွေ ပျောက်အောင်လုပ်တယ်၊ ပျောက်တာကို လိုချင်တယ် မကောင်းတာကို ပျောက်အောင်လုပ်တယ် တရားက အဲ့ဒီက လမ်းလွဲနေပြီ။ လိုချင်တာနဲ့ မလိုချင်တာကိုပယ်ဖို့ တရားအားထုတ်တာ။ လိုချင်တာကလောဘ၊ မလိုချင်တာက ဒေါသ၊ သတိထားလိုက်ပါ။ သတိထားရင် သတိက သူ့အလုပ်သူ လုပ်သွားမယ် ၊ သတိက ပယ်သင့်တာ ပယ်ထိုက်တာကို ပယ်မယ်။ သမာဓိက တည်ငြိမ်မှုကို လုပ်ပေးနေတယ်၊ ပညာက အမှားအမှန်ကို ဝေဖန်ပေးနေတယ်၊ အဆုံးအဖြတ်ပေးနေတယ်၊ ကိုယ်က လိုက်လုပ်စရာ မလိုဘူး။

ပယ်ရမှာနဲ့ ရှိရမှာ
ဓမ္မစကြာကို အားလုံးသိပါတယ်နော်၊ အစွန်းနှစ်ပါး ပယ်ရမယ်ဆိုတာ၊ ကာမသုခလ္လိက အစွန်းဟာ ကာမဂုဏ်အာရုံတွေကို တပ်မက်သာယာတဲ့အစွန်း၊ အဲ့ဒါတွေကို မသုံးဆောင် မခံစားရလို့  မကျေနပ်တော့ ဒေါသစွန်း။ အဲ့ဒီဟာ အစွန်းနှစ်ပါးကို ပယ်ရမှာ၊ လောဘစွန်းနဲ့ ဒေါသစွန်း။ အဲ့ဒီဟာ ပယ်ရမှာကို ကိုယ်က လုပ်ပယ်နေရတာမဟုတ်၊ ဒီက ကောင်းတာရှိနေရင် မကောင်းတာဖြစ်ခွင့်မရ။ လောဘ၊ ဒေါသ တွေ ရှိနေရင်လည်း ကောင်းတာတွေမရှိ၊ ကောင်းတာတွေက သတိ၊ ၀ီရိယ၊ ပညာ။ သတိ၊ ၀ီရိယ၊ ပညာ ရှိနေရင် လောဘ၊ ဒေါသ၊ မဖြစ်ဘူး သတိထား။ သတိရှိနေရင် လောဘနဲ့ဒေါသ ဖြစ်ခွင့်မရဘူး။ ပယ်ရမှာက လောဘ၊ ဒေါသ။ ရှိရမှာက သတိ၊ ၀ီရိယ၊ ပညာ။

ဘူတံ ဘူတတော ပဿတိ
စာက “ဘူတံ ဘူတတော ပဿတိ” ဖြစ်တာကို ဖြစ်တဲ့အတိုင်းသိနေပါတဲ့။ သတိလွတ်သွားရင်လည်း လွတ်သွားမှန်းသိ။ တွေးရင် ကြံရင်လည်း တွေးကြံနေမှန်းသိ၊ ထိုင်းမှိုင်းလေးလံရင် ထိုင်းမှိုင်းလေးလံတဲ့ စိတ်ကလေးကို သိပေး ကြည့်ပေးရတယ်။ ထိုင်းမှိုင်းလေးလံတာ ရှိတာပဲ။ ထိနမိဒ္ဓဆိုရင် ရှုမကောင်း ဖြစ်ကြတော့တာပဲ။ သတိအားကောင်းရင် ကြည်လင်တယ် ထိုင်းမှိုင်းတာတွေ လျော့ပြီး အေးချမ်းသွားတယ်။

ဆင်းရဲဘာကြောင့်ဖြစ်
အမှားသိမှုကြောင့် အမှားကြံစည်မှုတွေ ဖြစ်လာတယ်၊ အမှားကြံစည်မှုကြောင့် အမှားပြုလုပ်မှု၊ အမှား ပြောဆိုမှုတွေ ဖြစ်တယ်၊ အမှားပြုလုပ်မှု အမှားပြောဆိုမှုကြောင့် ဆင်းရဲဒုက္ခတွေ အမျိုးမျိုးဖြစ်ကြရတယ်၊ ဆင်းရဲဟူသမျှဟာ အမှားသိမှု အကြောင်းခံပဲ။ အဲ့ဒီအမှားသိမှုတွေ လွတ်မြောက်ဖို့ရာ အမှန်သိမှု အစားထိုးရမယ်။ အမှန်သိမှုဖြစ်ဖို့ရာ အမြဲတမ်း သတိသမ္ပဇဉ် ညဏ်ယှဉ်နေရမယ်။ သတိပဋ္ဌာန်ဆိုတဲ့အတိုင်း သတိဦးဆောင်နေရင် မကောင်းတဲ့စိတ်တွေ ဖြစ်တိုင်းဖြစ်တိုင်း သိသိသွားမယ်။ အဲ့ဒီ သိသိသွားတော့ မကောင်းတဲ့ စိတ်ဖြစ်ခွင့်မရတော့ဘူး။ စိတ်ကို ဒီအတိုင်းသာ မပြုမပြင် ပင်ကိုယ်တိုင်း လွတ်ထားမယ်ဆိုရင် အသိမှန်၊ အမြင်မှန်ရဖို့ အကျင့်တွေကို မကျင့်သုံးဘူးဆိုရင်တော့ ဒီစိတ်ဟာ အမှားတွေ ပရမ်းပတာနဲ့ ဖြစ်နေတဲ့အတွက် မစင်ကြယ်တော့ဘူး။ အမှားသိရင် အမှားကြံစည်မှုတွေဖြစ်မယ်၊ အမှားကြံတဲ့ ပုဂ္ဂိုလ်ဟာ အမှားပဲ ပြောတော့မှာပေါ့၊ အကြံမှား အပြောမှားတဲ့ ပုဂ္ဂိုလ်ဟာ သူ့လုပ်ရပ်တွေ ဘယ်မှာ မှန်တော့မှာလဲ။ အမှားလုပ်ရပ်တွေကြောင့် ဆင်းရဲဒုက္ခ ၀ိုင်းဝိုင်းလည်နေတော့တယ်။

စိတ်မိုက်နွားဆိုး
စိတ်မိုက်နွားဆိုး၊ သတိကြိုးဖြင့်၊ အာရုံချည်တိုင်၊ ခိုင်ခိုင်ချည်ပါ။ ဆိုတဲ့အတိုင်း ယောဂီများ သတိထားကြပါ၊ အလွတ်ထားတဲ့ စိတ်ဟာ နွားဆိုးနဲ့တူတယ်၊ တိုင်မှာ ခိုင်ခိုင်ချည်မထားရင် ပေါက်လွတ်ပဲစား သွားချင်ရာသွား လာချင်ရာလာ၊ ဖြစ်ချင်တိုင်းဖြစ်နေတယ်။ နွားဆိုး နွားမိုက်နဲ့တူတဲ့ စိတ်မိုက်စိတ်ရိုင်းကို သတိတည်းဟူသော ကြိုးနဲ့ တိုင်မှာ ခိုင်ခိုင်ချည်ထားရင် ပရမ်းပတာ သွားလာခွင့်မရတော့ဘူး။ ဘယ်မှာ ချည်ရမလဲ၊ ရှုမှတ်စရာ အာရုံဟာ ချည်တိုင်ပဲ၊ နှာသီးဖျားမှာ မှတ်သူမှာ နှာသီးဖျားဟာ ချည်တိုင်ပဲ၊( ခန္ဓာကိုယ်တစ်ခုလုံးဟာ ချည်တိုင်ပဲ။) ချည်တိုင်မှာ စိတ်ကလေးကို စွဲမြဲအောင်အတွက် လုပ်ရတာ။ ခိုင်ခိုင်ချည်ဆိုတာက ၀ီရိယ စူးစိုက်ပေးရတယ်၊ စူးစူးစိုက်စိုက်ကလေး ရှုမှတ်လိုက်ရင် စိတ်ဟာ အာရုံတစ်ပါး ပရမ်းပတာ လွင့်မသွားတော့ဘူး။ စိတ်ဟိုရောက်ဒီေ၇ာက် မလွင့်ပါးတော့ဘူး အဝေးရောက်စိတ်တွေ လျော့နည်းသွားတယ်။ စိတ်က အဝေးရောက် လွင့်ပါးနေရင် ဖြစ်ခိုက် ရုပ်နာမ်တွေ ပေါ်မှာ အမှန်သိခွင့် မရတော့ဘူး။ အမှန်မသိရင် အမှားစွဲလမ်းမှုတွေ ၀င်လာတော့တာပဲ။

အမှားစွဲလမ်းမှုများ
ရုပ်နဲ့နာမ် အမှန်ရှိလျက်သားနဲ့၊ ငါ တရားအားထုတ်နေတယ်၊ ငါ ရှုနေတယ်၊ ငါသိနေတယ်၊ ငါ့ အသိတွေ ထူးခြားနေတယ်၊ ငါ့ သမာဓိတွေ ကောင်းနေတယ်။ ဒီလို တစ်ငါငါနဲ့စွဲလမ်းမှုတွေ ဖြစ်တာဟာ ရှုမှတ်မှု သတိကင်းလို့ပဲ၊ ရှုမှတ်မှု သတိမကင်းလို့ အသိမှန်၊ အမြင်မှန်ရနေတဲ့ ပုဂ္ဂိုလ်ဟာ အမှန်အတိုင်း သိနေတဲ့အတွက် အစွဲတွေဖြစ်ခွင့်မရဘူး။

မရှိတာသိ၊ ရှိတာသိ
သိစရာနဲ့သိမှု ဒီနှစ်ခုပဲ။ ဘယ်မှာလဲ တစ်ကိုယ်တည်း၊ တစ်ကောင်တည်းဆိုတာ ဘယ်မှာ ဟုတ်လို့လဲ။ ဒီလိုအမြင်ရှင်းသွားတယ်။ ရုပ်နာမ်တွေ အသစ်အသစ် ဖြစ်နေတာ၊ ချုပ်ပျက် ချုပ်ပျက်သွားတာကို တွေ့ရခြင်းအားဖြင့်လည်း ခိုင်တယ်မြဲတယ်ဆိုတာ ဘယ်မှာလဲလို့ အမှန်သိသွားတယ်၊ အမှန်သိတဲ့အတွက် အမှားတွေ ကင်းစင်သွား၊ လွတ်မြောက်သွားတယ်၊ ခိုင်မြဲရင် ဒီလိုပျက်စီးပါ့မလား၊ မခိုင်မြဲလို့သာ ဒီလိုအသစ် အဟောင်း ပြောင်းလဲ ဖောက်ပြန်နေတာပဲလို့ အမှန်ကို အမှန်အတိုင်းသိသွားတယ်။ ရုပ်နဲ့နာမ်မျှသာ ရှိတာကို ရှိတဲ့အတိုင်း သိတဲ့အတွက် တကယ့်ဝဋ်သက်ရှည်နေတဲ့ ငါကောင်၊ အတ္တကောင် ဆိုတဲ့ အမြင်မှား စင်ကြယ်သွားတယ်၊ အရှိကို အရှိတိုင်း သိသွားတယ်။ “မရှိတာသိ၊ ရှိတာသိ၊ ဒိဋ္ဌိစင်အောင်ရှု”။ မရှိတာကို မရှိဘူးလို့သိရမယ်၊ ရှိတာကိုလည်း ရှိတဲ့အတိုင်း သိရင် အမှားဒိဋ္ဌိ ကင်းပျောက်သွားမယ်၊ စင်ကြယ် လွတ်မြောက်သွားမယ်။ ဒိဋ္ဌိဟာ နိဗ္ဗာန်မရောက်အောင် ပိတ်ဆို့တားဆီးထားတဲ့ အမှားသိမှု တရားဆိုးတစ်ခုပဲ။ ဒိဋ္ဌိ ရှိနေသရွေ့ ဆင်းရဲတွေက မလွတ်မြောက်နိုင်ဘူး။

ဒုက္ခစက်မှ လွတ်မြောက်စေဖို့
“အမြင်မှားနှောင်ကြိုး၊ အမျိုးမျိုးချည်ကာ၊ တဏှာရေကြော၊ စုန်မျောနေရှာ၊ တဏှာရေကြော၊ စုန်မျောသူမှာ၊ ဒုက္ခစက်၊ လွတ်ရက်မရှိပါ” ဒိဋ္ဌိဆိုတာ အမြင်မှားပဲ အဲ့ဒီ အမြင်မှားနှောင်ကြိုးတွေ အမျိုးမျိုး ဖွဲ့ချည်းခံနေကြရတယ်။ မျက်စိက မှားသွားလိုက်၊ နားက မှားသွားလိုက်၊ နှာခေါင်းက မှားသွားလိုက်၊ လျှာက မှားသွားလိုက်၊ စားမှုသောက်မှုပေါ်မှာ ငါစားနေတယ် ငါအကောင်းစားတွေကို စားနိုင်တယ် ငါမို့လို့ ဒီလို အကောင်းစားတွေကို စားနိုင်တယ်လို့ အဲ့ဒီအစွဲတွေဟာ ဒိဋ္ဌိက နေပြီးတော့ တုပ်နှောင်လိုက်တဲ့အတွက် တဏှာရေကြော မျောနေတဲ့သူဟာ ဒီ တဏှာဒိဋ္ဌိ အနှိပ်စက်ခံနေရလို့ ဆင်းရဲဒုက္ခ ဗလုံးဗထွေးနဲ့ မအေးချမ်းပဲ ဖြစ်ရတယ်။ ဒီဒုက္ခစက်က လွတ်ဖို့ရာ ဒိဋ္ဌိနှောင်ဖွဲ့က လွတ်ရင် လွတ်တာပါပဲ။ ဒီနှောင်ဖွဲ့က လွတ်ဖို့ရာ အမှန်သိမှု သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်ဖို့လိုတယ် ဒါဟာ နိဗ္ဗာန်သွားတဲ့ လမ်းကြောင်းပဲ။ ဒုက္ခထဲ လည်တဲ့လမ်းက မိစ္ဆာဒိဋ္ဌိလမ်းကြောင်း၊ ဒုက္ခ၀ဲထဲ လွတ်တဲ့ အေးငြိမ်းမှု နိဗ္ဗာနန်ရောက်တဲ့လမ်းက သမ္မာဒိဋ္ဌိလမ်း။ တရားအားထုတ်တာဟာ သမ္မာဒိဋ္ဌိဖြစ်ဖို့ပဲ အဲ့လို သမ္မာဒိဋ္ဌိဖြစ်ဖို့ရာ ဓမ္မသဘောသက်သက် ဖြစ်ရမယ်နော်၊ ငါ့သဘောမလုပ်ရဘူး ဟိုလိုလုပ်ကြည့် ကောင်းနိုးနိုး၊ ဒီလိုလုပ်ကြည့် ကောင်းနိုးနိုး အဲ့လို မလုပ်ရဘူး။ တရားအားထုတ်မယ်ဆိုရင် စိတ်တည်ငြိမ်အောင် လုပ်ကြရတယ်၊ သိမှုတွေထပ်ခါ ထပ်ခါ ဖြစ်ပေါ်လာအောင် ကြောင့်ကြစိုက်ပေးနေတာက ၀ီရိယမဂ္ဂင်ပဲ၊ အာရုံဆီကို စိတ်ကလေး တန်းတန်းမတ်မတ်ရောက်သွားတာ စူးစိုက်နေတာ သမာဓိမဂ္ဂင်ပဲ၊ စိတ် စေတသိက်တွေကို အာရုံပေါ်ရောက်အောင် ပို့ဆောင်ပေးနေတာက သမ္မာသင်္ကပ္ပမဂ္ဂင်၊ သူပို့ဆောင်ချက်ကောင်းသလောက် အမှန်သိမှု သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်ပေါ်လာတယ်။ အမှန်သိသွားတော့ အမှာတုပ်နှောင်မှု ဒိဋ္ဌိအနှောင်အဖွဲ့က လွတ်သွားတယ်။ အမှန်သိလို့ အနှောင်ဖွဲ့က လွတ်သွားရင် တဏှာရေကြော မျောဖို့ မလိုတော့ဘူး။ အမှန်သိတဲ့ သမ္မာဒိဋ္ဌိက နိဗ္ဗာန်ရောက်အောင် ပို့ဆောင်တယ်။


တရားကိုသာ အားကိုးပါ
ရုပ်နဲ့နာမ်ပဲ ရှိတယ်။ ဒီရုပ်နှင့် နာမ်ကလည်း ဘယ်တန်ခိုးရှင်ကမှ လုပ်ပေးတာ မဟုတ်ဘူး။ ဘယ်အထက်ဆရာ၊ အောက်ဆရာကမှ လုပ်ပေးတာ မဟုတ်ဘူး အကြောင်းကြောင့် အကျိုးဖြစ်နေတာပဲ။ ကောင်းတဲ့ အကြောင်းကြောင့် ကောင်းတဲ့အကျိုးတရားဖြစ်နေတာ ကောင်းရောင်းကောင်းဝယ်လုပ်လို့ အကျိုးစီးပွားဖြစ်ထွန်းလာတာ၊ မလုပ်ပဲနဲ့တော့ အလိုအလျောက် ဖြစ်လာတာမရှိဘူး ဘယ်တန်ခိုးရှင်၊ ဘယ်ကယ်တင်ရှင်မှ အကျိုးစီးပွားဖြစ်အောင် လုပ်မပေးနိုင်ပါဘူး။ အဲ့ဒီ အကြောင်းအကျိုး ပိုင်နိုင်တဲ့ ညဏရသွားမှ မဟုတ်ရင် ဟိုဟာဟုတ်နိုးနိုး၊ ဒီဟာဟုတ်နိုးနိုး၊ ဟိုဟာအားကိုးရကောင်းနိုးနိုး၊ ဒီဟာအားကိုးရ ကောင်းနိုးနိုးနဲ့ အားကိုးတွေ လွဲပြီးတော့ ဖြစ်နေကြတယ်၊ အဲ့ဒီမှာ သမ္မာဒိဋ္ဌိကနေပြီး မိစ္ဆာဒိဋ္ဌိ ဖြစ်သွားရတာ သိပ်နာတာပဲ။ မိစ္ဆာဒိဋ္ဌိ လမ်းကြောင်းက တဏှာရေကြော မျောဖို့ပဲ ဒုက္ခစက်က မလွတ်တာ အဲ့ဒီ ဒိဋ္ဌိ ဦးဆောင်တာပဲ အမှားသိမှုကြောင့် အမှန်မသိတော့ဘူး။ တကယ်တော့ ရုပ်နဲ့နာမ်ပဲ ရှိတယ် အကြောင်းနဲ့ အကျိုးပဲ ရှိတယ် ဘယ်သူ့ကို ဘယ်သူကမှ ကောင်းအောင် ဆိုးအောင် ပြုလုပ်လို့မရဘူး ကိုယ့်မှာ ရှိတဲ့ စိတ် စေတသိက်တွေကို အကြောင်းခံပြီးတော့ အကြောင်းမှန် အကျိုးမှန်တွေ ဖြစ်ပေါ်နေတယ် အကြောင်းဆိုးကြောင့် အကျိုးဆိုးတွေ ဖြစ်ပေါ်နေတယ်။ အချဉ်မျိုးစေ့စိုက်ရင် အချဉ်သီး သီးမယ်၊ အခါးမျိုးစေ့စိုက်ရင် အခါးသီး သီးလာမယ်၊ အချိုမျိုးစေ့စိုက်ရင် အချိုသီး သီးလာမယ့်၊ ဒူးရင်းပင်စိုက်ရင် ဒူးရင်းသီး သီးလာမယ်၊ သံပုရာပင် စိုက်ရင် သံပုရာသီး သီးလာမယ်၊ သံပုရာပင်စိုက်ပြီး ဒူးရင်းသီး သီးပါစေလို့ ဘယ်လိုမှ ယတြာချေလို့ မရဘူး၊ တရားသဘောက အဲ့လို ဘယ်သူ့ကို ဘယ်သူကမှ အားကိုးလို့မရဘူး၊ သူတစ်ပါးကို အားကိုးစရာ မဟုတ် ကိုယ့်အားကိုယ်ကိုးရမယ်။ ကိုယ် (မိမိ) ဆိုတာ အခြားမဟုတ်ဘူး၊ “ဓမ္မဒီပါ ဓမ္မသရဏာ၊ အနညသရဏာ” တရားသည်သာ မှီခိုရာကိုးစားရာ အစစ်ပဲတဲ့၊ တရားမှတစ်ပါး အခြားမှီခိုရာ အားထားရာ မရှာပါနဲ့တဲ့ ဒါဘုရားရှင် အဆုံအမပဲ။ တရားအားကိုးရင် ဒိဋ္ဌိအနှောင်ဖွဲ့က လွတ်မြောက်သွားမယ် နိဗ္ဗာန်တည်းဟူသော သန္တိသုခ အေးငြိမ်းရာ ရောက်သွားမယ် ရောက်သွားဖို့အတွက် အမြဲတမ်း သတိသမ္ပဇဉ် မကင်းရဘူး သတိသမ္ပဇဉ်ရှိနေရင် အချိန်တိုင်း အချိန်တိုင်း အသိမှန် အမြင်မှန်တွေ ရနေမယ်၊ အဲ့လိုရနေရင် စင်ကြယ်နေမယ် လွတ်မြောက်နေမယ် အေးငြိမ်းချမ်းသာနေမယ်။

အလယ်လမ်းမှန်
“အစွန်းနှစ်သွယ်၊ လမ်းမှားပယ်၊ အလယ်လမ်းမှန်သည်။ လမ်းမှန်ကိုလျှောက် ညဏ်မြင်ပေါက် ဆိုက်ရောက် နိဗ္ဗာန်။” အမှားလမ်းစဉ်အတိုင်း လျှောက်သွားရင် ဆင်းရဲဒုက္ခတွေ ရောက်မယ် အမှန်လမ်းစဉ်တိုင်း လျှောက်ရင် အေးငြိမ်းတဲ့ နိဗ္ဗာန်ချမ်းသာကို ဆိုက်ရောက်မယ်။ လမ်းမှန်ဆိုတာ မဂ္ဂင်လမ်းကို ပြောပါတယ်၊ သတိကပ်နေတာက သတိမဂ္ဂင်၊ လုံးလစိုက်ပေးရတာက ၀ီရိယမဂ္ဂင်၊ စူးစိုက်တာက သမာဓိမဂ္ဂင်၊ ရှုစိတ်ကလေး အာရုံပေါ်ရောက်ရောက်သွားအောင် ပို့ဆောင်တာက သမ္မသင်္ကပ္ပမဂ္ဂင်၊ သူ့ရဲ့ပို့ဆောင်ချက် ကောင်းသလောက် သမ္မာဒိဋ္ဌိ အမှန်သိမှု ဖြစ်ပေါ်လာတယ် အလုပ်သမား မဂ္ဂင် ငါးပါး။ သမ္မာဒိဋ္ဌိဖြစ်ရင် တစ်မှတ်တစ်မှတ်၊ တစ်ချက်တစ်ချက် နိဗ္ဗာန်ဆီသို့ ဆိုက်ရောက်တာကို ရည်ညွန်းပြီး ဆိုက်ရောက် နိဗ္ဗာန်လို့ ပြောတာပဲ။ ရှုမှတ်တိုင်း ရှုမှတ်တိုင်း သမ္မာဒိဋ္ဌိဖြစ်ဖို့ သတိ အမြဲရှိနေရမယ် စွဲမြဲတဲ့သတိဖြစ်ရတယ်၊ သတိက သာမန်သတိမျိုးမဟုတ်ဘူး သမ္မာသတိ။ ကိစ္စတိုင်း ကိစ္စတိုင်း အကြောင်းကြုံတိုင်း ကြုံတိုင်း၊ ရုပ်နာမ်တွေ ဖြစ်ပေါ်တိုင်းမှာ မမေ့တဲ့သတိကို ဆိုပါတယ် သမ္မာသတိ။ အဲ့ဒီ သတိမြဲတဲ့ ပုဂ္ဂိုလ်ဟာ သတိမဂ္ဂင်ကနေပြီးတော့ မဂ္ဂင် ရှစ်ပါးလုံး ပွားများပြီးသားဖြစ်သွားတယ် သမ္မာဒိဋ္ဌိမဂ္ဂင်မပျက်ဖြစ်နေရင် သီလမဂ္ဂင် သုံးပါးလည်း ပါဝင်ပြီးစီးသွားမယ်၊ အဲ့ဒီလို မဂ္ဂင်ရှစ်ပါး ပွားများလျက်သား ဖြစ်နေတာကြောင့် တစ်မှတ် တစ်မှတ်၊ တစ်ချက်တစ်ချက် နိဗ္ဗာန်ကို သွားနေတယ်လို့ အသိမှတ်ပြုရတာပဲ။ အဲဒါ တဒင်္ဂ၊ နောက်တော့ အပြည့်အ၀ ဆိုက်ရောက်သွားဖို့ပဲ။

အဇာတိ နိဗ္ဗာန်နံ
“ဘ၀ဇာတိ သူရှိပြန်လျှင် အိုသေပူဆွေး ငိုကြွေးထို့ပြင် ကိုယ်ဆင်းရဲ ထန်သည်းပူပင် သို့ဖြစ်ရ လုံးဝ ဆင်းရဲပင်။” ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ပိဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး လည်ပတ်သွားတာကို ပြောပါတယ်။ ဒီဒုက္ခစက်ရဟတ် မပြတ်လည်ပတ်နေတာက အမှန်မသိမှု အ၀ိဇ္ဇာ၊ တပ်မက်မှုတဏှာ၊ စွဲလမ်းမှု ဥပါဒါန်၊ ပြုလုပ်မှု ကံ၊ ဒီကံတွေကြောင့် ဘ၀သစ် ဇာတိ ဖြစ်လာရတယ်၊ ဇာတိကြောင့် အိုမှု၊ သေမှုတွင်မက ကိုယ်ဆင်းရဲတွေ၊ စိုးရိမ်သောကတွေ၊ ပရိဒေ၀-ငိုကြွေးရတာတွေ၊ ဥပါယာသ- ပြင်းပြင်းထန်ထန် ပူလောင်ပင်ပန်းရတာတွေ။ ဒါတွေဟာ ဆင်းရဲလုံးလုံးပဲ တစ်ခုမှ ကောင်းတာ မရှိဘူး။ ဒီဆင်းရဲတွေ ရအောင် ယောဂီက ရှာမှီနေတာလား။ ဒါတွေ လွတ်မြောက်အောင် ရှာမှီနေတာလား။ ကိုယ့်ဘ၀ကိုယ် တွက်ကြည့်နော်။ သားရဖို့၊ သမီးရဖို့၊ ပစ္စည်းရဖို့ ရှာမှီနေကြတယ်။ ဇာတိရဖို့ပဲ ဒီသားသမီး ပစ္စည်းဝတ္ထုတွေကလည်း ဇာတိ ဇရာ မရဏနဲ့ တစ်ဆက်တည်း ဖြစ်ပေါ်နေတဲ့ ရုပ်ဝတ္ထုတွေပဲ၊ ဖြစ်ပေါ်လာလိုက် ရင့်ရော်ပျက်စီးသွားလိုက်နဲ့ ဒုက္ခပေါ့။ ဇာတိ ဇရာ မရဏ မကင်းတဲ့ ဒုက္ခတွေပဲ။ ဒီ ဒုက္ခတွေပဲ ရှာနေရင် ဒုက္ခလွတ်လပ်ရေးကတော့ဝေးသေးတယ်လို့ မှတ်ပါ။ “ဇာတိရှိတာ ဇာတိရှာ၊ ထပ်ခါဇာတိ ရနေသည်။ ” ဇာတိကြောင့် တစ်ဘ၀လုံး၊ တစ်သံသရာလုံး မဆုံးနိုင်တဲ့ ဒုက္ခတွေ ပင်လယ်ဝေခဲ့ရတယ်ဆိုတာ သိခဲ့ပြီ ဒီဇာတိမရှိရင် ကောင်းမှာပဲ ဇာတိ-ဖြစ်မှုမရှိရင် အိုမှု၊ သေမှုလည်းမရှိ၊ ဒီလိညဏ်ဝင်ရမယ်။ ဇာတိ လွတ်မြောက်မှ ကောင်းမယ်လို့ ဇာတိကို အပြစ်မြင်လာတယ်၊ “ဇာတိဆင်ခြင်၊ အပြစ်မြင်၊ လွတ်ချင် နိဗ္ဗာန်ရမည်တည်း။ ဇာတိဆင်ခြင်၊ အပြစ်မြင် ရှာလလျှင် နိဗ္ဗာန်ရောက်မည်တည်း။” ဇာတိရဲ အပြစ်ကို ဆင်ခြင်ညဏ်ဝင်လာရင် လွတ်ချင်စိတ်ဖြစ်လာမယ်။ ဇာတိဒုက္ခကို မြင်အောင်ကြည့်နော် ဖြစ်ပေါ်တိုင်း ပျက်စီးတိုင်း၊ ဖြစ်တိုင်း ပျက်တိုင်းသိရမယ်ဆိုတာ ဒါပဲ။ တရားရှုတဲ့သူဟာ ဇာတိကို မြင်အောင်ကြည့်ရတယ် သိရမယ်။ အပြစ်မြင်လာမယ်၊ အပြစ်မြင်ရင် ဇာတိက လွတ်ချင်လာမယ် ဇာတိဟာ ဒုက္ခသစ္စာအမှန်ပဲ။ ဒီဇာတိကနေပြီး ပြုစုပျိုးထောင်လိုက်တဲ့ ဒုက္ခအဆင့်ဆင့်တွေ ဇာတိထဲမှာပဲ ရင့်ရော်မှု၊ ပျက်စီးမှုဆိုတဲ့ ဇရာ မရဏတွေ ပေါက်ဖွားနေတယ်၊ ဒီဆင်းရဲ အဆင့်ဆင့်တွေဟာ ဇာတိကြောင့် ဖြစ်တာမှန်ရဲ့သားနဲ့ မိမိတို့ရှာမှီနေတာ ဇာတိလွတ်ကြောင်း ဟုတ်ရဲ့လား။ ဒီဇာတိ- ဖြစ်ပေါ်မှုတွေကို မရှာမှီတော့ဘူးဆိုတဲ့ အနေနဲ့ ခန္ဓာမှာ ဖြစ်ခိုက် ရုပ်နာမ်တွေကို ဇာတိရဲ့ အပြစ်မြင်အောင် ရှုဆင်ခြင်ရတယ်။ ဇာတိ အပြစ်မြင်လို့ ဇာတိလွတ်အောင် တရားရှုတဲ့သူတွေဟာ အဇာတိဆိုတဲ့ အမြိုက်နိဗ္ဗာန်ကို ဆုက်ရောက်သွားမယ် နိဗ္ဗာန်ရောက်မှ ဒုက္ခအားလုံး လွတ်မြောက်မယ်။ သုမေဓာ ဘ၀တုန်းက ငါ့မှာ ဖြစ်ပေါ်မှု ဇာတိလည်းရှိတယ်၊ ရင့်ရော်ပျက်စီးမှု ဇရာ မရဏလည်း ရှိနေတယ်၊ အဲ့ဒီဖြစ်ပေါ်မှု ရင့်ရော်ပျက်စီးမှု မရှိတဲ့ ဖြစ်ပျက် ဒုက္ခဘေးရန်ခပ်သိမ်း အေးငြိမ်းတဲ့ နိဗ္ဗာန်ရောက်အောင် ငါရှာမှီမယ်လို့ ဆန္ဒဖြစ်လာတယ်၊ ရှိသမျှ ပစ္စည်းဥစ္စာတွေ စွန့်လွတ်၊ ရသေ့ဝတ်၊ ဇာတိမရှိတဲ့ နိဗ္ဗာန်ကို ရှာရင်း ဘုရားအဖြစ်သို့ ရောက်လာပါတယ်။

မွေးနေဆိုတာ ပျော်စရာလား
မွေးနေ့ မွေးနေ့နဲ့ ပြောနေကြတာ။ အဲ့ဒီမွေးတာဟာ ဇာတိပဲ ဖြစ်လာတာ ဇာတိပဲ ဒီဇာတိရှိနေရင် အိုမှု၊ သေမှုက ထက်ကြပ်မကွာ ပါနေတယ်၊ ဖိတ်ခေါ်စရာ မလိုဘူး၊ အလိုအလျေက်ပါပြီးသား။ ဒီ အိုနာသေမှုတွေ ရှိနေတာ ကိုယ်စိတ်ဆင်းရဲခြင်းဖြစ်ရတာ ဒါတွေဟာ ဆင်းရဲလုံးလုံးပဲ။ ဘာမှ ကောင်းတာမဟုတ်ဘူး။ မသိလို့သာ ကောင်းတယ်ထင်နေကြရှာတာ၊ သိသော် ဘယ်မှာ ကောင်းမည်နည်း။ မသိတဲ့ ပုဂ္ဂိုလ်မှာတော့ ကောင်းနေတာပဲ သိတဲ့ညဏ်ရှိတဲ့အရိယာ သူတော်ကောင်းတွေမှာတော့ ဒါတွေဟာ မကောင်းဘူး ဒုက္ခစစ်မှန်တွေပဲလို့ သိမြင်ကြတယ်။

ဖြစ်ချင် ဖြစ် ၊ မဖြစ်ချင် မဖြစ်
ဘ၀ရဲ့ အပြစ် ခန္ဓာရဲ့ အပြစ်ကို မမြင်ပဲ ဒီပေါ်မှာ ထပ်ထပ်ပြီး ဖြစ်ချင်တဲ့ အကြောင်းသမုဒယကြောင့် အကျိုးဒုက္ခတွေ ထပ်ထပ် ဖြစ်နေတယ်၊ ဇာတိ အစရှိတဲ့ ဒုက္ခတွေပဲ။ “ဖြစ်ချင်ဖြစ် မဖြစ်ချင် မဖြစ် သစ္စာလေးပါး အစစ်” ဆိုတဲ့အတိုင်း မဖြစ်ချင်တာက မဂ္ဂ၊ မဖြစ်တာက နိရောဓပဲ ရှင်းရှင်းလေးနော် လွယ်လွယ်လေးမှတ်ဖို့ပါ။ ဒုက္ခခပ်သိမ်း ငြိမ်းချင်ရင် ဒီလိုမဖြစ်တဲ့ နိရောဓ ဆိုက်ရောက်ဖို့ရာ အမှန်အတိုင်းသိအောင် ဖြစ်ခိုက် ရုပ်နာမ်ကို ရှုမှတ်နေရတယ် ဒီလို ရှုမှတ်နေတဲ့သူမှာ ခုဖြစ်၊ ခုပျက်နေတဲ့ တရားတွေ ဘယ်မှာလိုချင်တော့မှာလဲ ဖောက်ပြန်ပျက်စီးနေတာတွေဟာ မကောင်းတာပဲ ဆင်းရဲတာပဲလို့သိတယ် လွတ်မြောက်ချင်လာတယ် လွတ်မြောက်ချင်လာမှ လွတ်မြောက်မယ် လွတ်မြောက်မှ ချမ်းသာ အစစ်ရတယ်။

စင်ကြယ်မှု အဆင့်ဆင့်
စိတ်ကလေး အေးအေး၊ နှလုံးအေးအေး ထားနိုင်မှ တစ်စ တစ်စ ပူပန်မှုတွေ ငြိမ်းပြီးတော့ စင်ကြယ်မြင့်မြတ်တဲ့ဆီ ရောက်သွားမယ်။ စင်ကြယ်ရမှာက ဘာတွေလဲ ကိုယ်လည်း စင်ကြယ်ရမယ်၊ နှုတ်လည်း စင်ကြယ်ရမယ် စိတ်လည်းစင်ကြယ်ရမယ်၊ အသိအမြင်လည်း စင်ကြယ်ရမယ်။ ကိုယ်နှုတ်စင်ကြယ်တာ သီလပဲ၊ သီလ၀ိသုဒ္ဓိ။ သီလ၀ိသုဒ္ဓိဖြစ်မှ စိတ်မှာ နီဝရဏတွေ ကင်းစင်လို့ စိတ်စင်ကြယ်မှု စိတ္တ၀ိသုဒ္ဓိ ဖြစ်မယ်။ စိတ္တ၀ိသုဒ္ဓိဖြစ်မှ အသိအမြင် စင်ကြယ်မှု ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်မယ်။ အသိအမြင်စင်ကြယ်ချင်ရင် စိတ်စင်ကြယ်ရတယ် စိတ်စင်ကြယ်ချင်ရင် ကာယကံ၊ ၀ိစီကံ စင်ကြယ်ရတယ်။ သီလ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိသုဒ္ဓိဖြစ်၊ စိတ္တ၀ိသုဒ္ဓိဖြစ်မှ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာ၊ ပညာပိုင်းဆိုင်ရာ ၀ိသုဒ္ဓိတွေ အယူအဆတွေ စင်ကြယ်သွားမယ် အသိအမြင်တွေ စင်ကြယ်သွားမယ် အဲ့လို စင်ကြယ်သွားသလောက် စင်ကြယ်မြင့်မြတ်တဲ့ စိတ်ထားတွေ ဖြစ်သွားမယ်။ အဲ့လို စင်ကြယ်တဲ့ စိတ်တွေ ဖြစ်လာအောင် ခန္ဓာက ဖြစ်ခိုက် ဖြစ်ခိုက်ကလေးတွေကို ရှုမှတ်ရမယ်။ ပေါ်လာတယ်၊ သိလိုက်တယ်။ ချုပ်ပျောက်သွားတယ် သိလိုက်တယ် ဖြစ်တိုင်းသိ သိတိုင်းပျက်နေတယ် ဖြစ်ပေါ်လာတာေ၇ာ ပေါ်တိုင်းသိတဲ့ စိတ်ကလေးေ၇ာ ပေါ်တာရော၊ ရုပ်ရော နာမ်ရောဟာ ဖြစ်ပေါ်လာလိုက် ရင့်ရော်ပျက်စီးသွားလိုက် အိုမင်း ရင့်ရော်မှု ပျက်စီးမှုတွေကတော့ အကုန်လုံး ရှိနေတာပဲ။ အဲ့ဒီလို အိုမင်းရင့်ရော်ပျက်စီးမယ့် ကိုယ်ခန္ဓာက မအိုမနာမသေတဲ့ အမြိုက်နိဗ္ဗာန ဓာတ်ကြီးရအောင် ဖော်ထုတ်ရမယ် တရားအားထုတ်တယ်ဆိုတာ ဒါပါပဲ။ အမြိုက်ဓာတ်ကြီးရအောင် ဘယ်လိုလုပ်မလဲ သီလစင်ကြယ်မှု၊ စိတ်စင်ကြယ်မှု၊ အသိအမြင်စင်ကြယ်မှု အဆင့်ဆင့်။
ကင်္ခါဝိတရဏ၀ိသုဒ္ဓိ= အကြောင်းကောင်းကြောင့် အကျိုးကောင်းဖြစ်နေကြတယ်၊ ဘယ်သူ့ ဘယ်သူမှ မစလို့ မရဘူး ကောင်းတဲ့အကြောင်းကြောင့် ကောင်းကျိုး ဖြစ်တာအမှန်ပဲ။ မကောင်းတဲ့ အကြောင်းကြောင့် မကောင်းကျိုးဖြစ်တာ အမှန်ပဲလို့ ယုံမှားကင်းသွားတယ်။ အဲ့ဒီလို ယုံမှားကင်းတဲ့ ညဏ်တွေ ဖြစ်လာတယ်။
မဂ္ဂါညဏဒဿန၀ိသုဒ္ဓိ = တစ်ခါတစ်ခါ တရားတွေ ရင့်ကျက်လာရင်၊ သတိ၊ သမာဓိညဏ်တွေ အသိညဏ်တွေ ရင့်ကျက်လာရင် ကိုယ်တွေ၊ စိတ်တွေ ငြိမ်းချမ်းလို့ ကြည်လင်ပေါ့ပါးနေတယ်၊ ချမ်းသာလိုက်တာလို့ တစ်သက်တစ်ကိုယ် တစ်ခါမှ မကြုံဖူးတဲ့ တရားအားထုတ်တဲ့ သာမန်လူတွေ နတ်တွေ မခံစားထိုက်တဲ့ ချမ်းသာသုခတွေ သာမန်ချမ်းသာနဲ့မတူ မကြုံဖူးတဲ့ အတွေ့အကြုံမျိုးတွေလဲ တွေ့ကြုံလာရတယ်။ ဆိတ်ငြိမ်တဲ့ ဇရပ်၊ ဂူ၊ ကျောင်းထဲဝင်ပြီး အားထုတ်သူတွေမှာ သာမန်နတ်လူတွေ မခံစားနိုင်တဲ့ သမာဓိနဲ့စပ်တဲ့ ချမ်းသာထူးတွေ၊ အသိညဏ်နဲ့စပ်တဲ့ ချမ်းသာထူးတွေ ခံစားရတတ်တဲ့။ အဲဒါတွေကို ဒါပဲ မဂ်ထင်ပါရဲ့၊ နိဗ္ဗာန်ထင်ပါရဲ့လို့ တစ်ခါတစ်ခါ ညဏ်ပေါ်မှာ ထင်ယောင်ထင်မှား ဖြစ်တယ်။ တော်တော်လေး အားထုတ်မှု အရှိန်ရလာတော့ သူ့ဟာသူ သြော်…ဒီဟာနဲ့မပြီးသေးဘူး ရှေ့ဆက်ပြီး အားထုတ်ရဦးမှာပဲလို့ ၊ အဲ့လို ဒါက မဂ်အစစ်မဟုတ်သေးဘူးလို့ လမ်းမှန် လမ်မှား ခွဲခြားဝေဖန်တဲ့ညဏ် ဖြစ်ပေါ်လာတယ်။ ဒီလိုသိတာဟာ တစ်ဆင့်အားဖြင့် ညဏ်စင်ကြယ်သွားတယ်လို့ ဆိုနိုင်ပါတယ်။
ပဋိုပ့ဒါညဏဒဿန၀ိသုဒ္ဓိ = ဒီ မဂ္ဂင်အကျင့်သာလျှင် အိုနာသေ ဘေးလွတ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း အစစ်အမှန်ပဲလို့ ခိုင်ခိုင်မြဲမြဲ အသိအမြင် စင်ကြယ်သွားတယ် အကျင့်လမ်းစဉ်နဲ့ ပက်သက်ပြီးတော့ ဇဝေဇ၀ါ ဟိုဟာ ဟုတ်နိုးနိုး ဒီဟာ ကောင်းနိုးနိုး မရှိတော့ဘူး။ ဒီ သတိကပ်ပြီး ရှုမှတ်နေတဲ့ လမ်းစဉ် ဒီမဂ္ဂင် ရှစ်ပါးလုံး ပါဝင်နေတဲ့ သတိပဋ္ဌာန်အကျင့် လမ်းဟာ နိဗ္ဗာန်ရောက်ကြောင်း လမ်းမှန်ပဲလို့ မှန်မှန်ကန်ကန် အမြင်စင်ကြယ်သွားတယ် ဒါ အကျင့်လမ်းနဲ့ပက်သက်ပြီး အမြင်စင်ကြယ်သွားတာပဲ ပဋိပဒါညဏဒဿန ၀ိသုဒ္ဓိလို့ ပေါ့။ နောက်ဆုံးပိတ်ကျတော့ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေကိုမြင်ရင်း မြင်ရင်းနဲ့ သြော်….ဖြစ်နေတဲ့ ဇာတိကြောင့် အိုမင်းရင့်တဲ့ ဇရာ ရှိနေတာပဲ၊ မွေးမှုရှိနေလို့ သေမှုရှိနေတာပဲ ဒီဖြစ်မှု ပျက်မှုတွေ နိပ်စက်နေလို့လဲ သံသရာ ၀ဋ်ဆင်းရဲကြီး မဆုံးနိုင်တာပဲ။ ဒီဖြစ်မှု ပျက်မှုတွေ မရှိရင် ကောင်းမှာပဲလို့ ဖြစ်ပျက်တွေ မြင်ပြီးတော့ ဖြစ်ပျက်ပေါ်မှာ မဖြစ်ချင်တော့ဘူး မုန်းတီးလာတယ်။ ဖြစ်ချင်ရင် ဖြစ်နေမှာပဲ၊ မဖြစ်ချင်ရင် မဖြစ်တော့ဘူး၊ အဲ့ဒီသစ္စာလေးပါး လမ်းစဉ်ပေါ် သူရောက်သွားတော့တယ်၊ ဖြစ်ပျက်နေတာက ရုပ်နာမ်ဓမ္မပဲ၊ သင်္ခါရပဲ မဖြစ်မပျက်တာ အသင်္ခတ နိဗ္ဗာန်ပဲလို့ သူ သဘောပေါက်သွားတော့တယ်၊ ညဏ်ထိုးထွင်းသိသွားတယ်၊ အဲ့လို မဂ်ညဏ်နဲ့စပ်ပြီး နိဗ္ဗာန်နဲ့စပ်ပြီး ယုံမှားကင်းသွားတယ်။ ညဏဒဿန၀ိသုဒ္ဓိဆိုတာ နိဗ္ဗာန်နဲ့စပ်တဲ့ ညဏ်အမြင်စင်ကြယ်သွားတယ် ပညာပိုင်းဆိုင်ရာ စင်ကြယ်မှု ခေါ်တယ်။


စိတ်ကိုစောင့်မှ ချမ်းသာရ
ကိုယ်ခန္ဓာပေါ်မှာ သတိလေးထားနေရင် ခန္ဓာက ဖြစ်တိုင်း ဖြစ်တိုင်းကို ယောဂီသိနေတယ်၊ သတိအစောင့်ရှောက်မရှိတော့ဘူးဆိုရင် လုံခြုံမှု မရှိတော့ဘူး လုံခြုံမှု မရှိတော့ရင် စဉ်းစားကြည့်တော့ ဘေးတွေ ရန်တွေ အန္တရယ်တွေ ၀ိုင်းဝိုင်းလည်နေမှာပဲ။ ဒါကြောင့် စိတ်ကလေးကို ထိန်းသိမ်း စောင့်ရှောက်ဖို့ရာ ဖြစ်တိုင်း ဖြစ်တိုင်း သိနေရတယ် အဲ့ဒီလိုဆိုရင် ပူပန်တတ်တဲ့ ကိသောရန်သူတွေ နှိပ်စက်တတ်တဲ့ ကိလေသာ ရန်သူတွေ ကြည်လင်တဲ့စိတ်တွေ ညစ်နွမ်းသွားအောင် ၀င်ရောက်နှောက်ယှက်တတ်တဲ့ ကိလေသာရန်သူတွေ ၀င်ရောက်နှောက်ယှက်ခွင့်မရဘူး။ “ယေ စိတ္တံ ဘံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။” စိတ်ကလေးကို သတိ၊ သမာဓိညဏ်တွေနဲ့ စောင့်စည်းနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ မာရ်မင်းရဲ့ အနှောင့်အဖွဲ့က လွတ်မြောက်ပါတယ်တဲ့။ မာရ်မင်းဆိုတာ ကိလေသာ သူသတ်သမားကို ပြောပါတယ်၊ သတိ၊ သမာဓိညဏ် စောင့်စည်းမှု ကင်းနေတဲ့ ပုဂ္ဂိုလ်တွေမှာ မောဟတည်းဟူသော ကိလေသာ ၀င်ရောက်ပါတယ်။ ကိလေသမာရ်ဖြစ်သွားပြီ၊ ဒီမောဟ ကိလေသမာရ် ၀င်လာပြီဆိုရင် တွေးချင်ရာတွေး၊ ငေးချင်ရာငေး၊ ကြံချင်ရာကြံ၊ ပူပန်တယ်။ တောင်တွေး၊ မြောက်တွေး စိတ်တွေ လေးနေတယ်၊ ကိုယ်တွေလည်း လေးနေတယ်။ ပူပန်မှု၊ ပင်ပန်းမှု၊ ဆင်းရဲမှုတွေ ၀င်လာတယ်၊ ကိလေသာ ရန်သူ နှိပ်စက်ခံရတာဟာ လက်ငင်းပဲ။ အဲ့ဒါ ဘာဖြစ်တာလဲ၊ ကိလေသာရန်သူ နှိပ်စက်ခံနေရပြီ အဲ့ဒီ တွေးတော ကြံစည်နေတာသည်ပင်လျှင် မနောကံ သောင်းကျန်းနေပြီ၊ အဲ့လိုဖြစ်ရတာ ပိတ်စို့ စောင့်စည်းမှုကင်းလို့၊ မောဟကိလေသာ အ၀င်ခံရလို့ပဲ။ ဘ၀သံသရာ တစ်လျှောက်လုံး အဲ့လိုပဲ အိုမဆုံး၊ နာမဆုံး၊ သေမဆုံး၊ မျက်ရည်ကြီးငယ် ကျလို့မဆုံး၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရတာတွေ အပူသည်လုံးလုံးဖြစ်ခဲ့ရတာတွေဟာ တစ်ခြားကြောင့်မဟုတ်ဘူး အဲ့ဒီ ကိလေသမာရ် အကြောင်းခံပြီးတော့ ပြုလုပ် အားထုတ်ခဲ့တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံတွေ သောင်းကျန်းလို့ပဲ၊ သတိချပ်ပြီး သိမှတ်လိုက်ရင်တော့ သတိ၊ သမာဓိညဏ်တွေ ဖြစ်သွားရင် ဒီပူလောင်မှုတွေ ငြိမ်သက်အေးချမ်းသွားမယ်။

အဆိပ်ကို ဆေးဖြစ်အောင်
ကိလေသာတွေဟာ အင်မတန် ကြောက်စရာကောင်းတဲ့ အဆိပ်တောက်တွေပဲ၊ ကိလေသာအဆိပ် မတက်အောင် အသုံးချတတ်တဲ့ ပုဂ္ဂိုလ်တွေမှာ အေးချမ်းမှု၊ ငြိမ်သက်မှု၊ ငြိမ်းချမ်းမှု ရသွားတာတွေ ထင်ရှားနေတာပဲ။ ကြည့်နော်၊ အဆိပ်ဟာ အသုံးမချတတ်တဲ့ ပုဂ္ဂိုလ်တွေ အတွက် ချက်ချင်းလက်ငင်းသေစေတတ်တဲ့ ဘေးပဲ၊ ညဏ်ပညာ ထိုးထွင်းတဲ့ပုဂ္ဂိုလ်တွေ အသုံးချတတ်တဲ့ ပုဂ္ဂိုလ်တွေကြတော့ အဆိပ်နဲ့ပဲ ရောဂါပျောက်အောင် ကုသနိုင်တဲ့ စွမ်းအားသတ္တိတွေ ရှိကြတယ်။ ဘီပီအိုင်က မြွေဆိပ်တွေဝယ်ပြီး အဆိပ်သင့်တဲ့ရောဂါတွေ ကုသပေးနေတယ်။ အသုံးချတတ်တော့ ဆေးဖြစ်သွားတယ်၊ အသုံးမချတတ်တော့ ဘေးဖြစ်သွားတယ်၊ ခုလည်းပဲ ဒီမှာ တောင်တွေ၊ မြောက်တွေး တွေးတဲ့စိတ်တွေဟာ အဆိပ်တောက်တွေပဲ၊ တောင်ကြံ မြောက်ကြံ ပူပန်တာတွေဟာ အဆိပ်အတောက်တွေပဲ၊ ဒါပေမယ့် အဲ့ဒါတွေကို မြတ်စွာဘုရားပေးတဲ့ နည်းလမ်းနဲ့ ရှုမှတ်တတ်တဲ့ပုဂ္ဂိုလ်ဟာ အဲ့ဒီ အဆိပ်တောက်တွေထဲကပဲ ဆေးဖြစ်သွားပါတယ်၊ ရှုမှတ်တာဟာ ညဏ်အသိပဲ အဲ့ဒီရှုမှတ်တာဟာ ညဏ်သတိပဲ၊ ဒီရှုမှတ်လိုက်တဲ့ ညဏ်သတိဟာ ပူပန်နှိပ်မှု ကိလေသာမီးတွေကို ငြိမ်းသက်လိုက်တဲ့အတွက် ခန္ဓာအစဉ်မှာ ညဏ်ဝင်ပြီးတော့ အေးငြိမ်းမှု၊ ချမ်းသာမှု ရသွားတယ်။ ကိလေသာအဆိပ်အတောက်ဟာ မရှုမှတ်တတ်ရင် မဂ်တား၊ ဖိုလ်တား ဖြစ်နေတယ်၊ ရှုမှတ်တတ်တဲ့ ယောဂီက မဂ်ရ ဖိုလ်ရ ဖြစ်သွားတယ် ဓမ္မာနုပဿနာ ဖြစ်သွားတယ်။

ကိလေသမာရ်က အစ
တွေးနေတဲ့ အာရုံလေးကို မရှုမှတ်နိုင်၇င် သတိလက်လွတ်ဖြစ်ပြီး တရားလက်လွတ်၊ ငှက်တောင်ကျွတ်၊ ၀ဋ်နှင့်မကင်းပြီ ဆိုတဲ့အတိုင်း ကိလေသ၀ဋ်၊ ကမ္မ၀ဋ်တွေ ဒီမှာ ၀ိုင်းဝိုင်းလည်သွားတယ်၊ ကိလေသမာရ်၊ အဘိသင်္ခါရမာရ်တွေ ၀ိုင်းဝိုင်းလည်သွားတယ်။ ကိလေသမာရ်ကြောင့် ကြံစည်စိတ်ကူးတဲ့ အဘိသင်္ခါရမာရ်တွေ ဖြစ်လာတယ်၊ နောက် ပြောဆိုတဲ့ အဘိသင်္ခါရမာရ်တွေ ဖြစ်လာတယ်၊ ပြုလုပ်တဲ့ အဘိသင်္ခါရမာရ်တွေ ဖြစ်လာတယ်။ အဲ့ဒီမာရ်တွေကြောင့် ဘ၀သစ် ရုပ်နာမ်ခန္ဓာတွေ ဖြစ်လာတယ် ခန္ဓမာရ်ပဲ။ ခန္ဓမာရ်ဖြစ်လာတဲ့အတွက် မစ္စု-သေရရတယ်။ မစ္စုမာရ်အကြောင်းခံတာတော့ ကိလေသမာရ်ပဲနော်။

ကိလေသာမှ ညဏ်ကုသိုလ်သို့
ကိလေသာကြောင့် ကံတွေပြုလုပ်တယ် ဒီကံကြောင့် ဘ၀သစ် ရုပ်နာမ်ခန္ဓာ ဖြစ်ရတယ် ဒီ ဘ၀ခန္ဓာ ဖြစ်လာတဲ့ ပုဂ္ဂိုလ်တိုင်း သေရတဲ့ မစ္စုမာရ် ဖြစ်ရတယ် ခန္ဓမာရ်ဖြစ်လာရင် မစ္စုမာရ် ဖြစ်မှာ ကျိန်းသေပဲ။ ဒီ မစ္စုမာရ်ထိ မရောက်အောင် ဘာလုပ်မလဲ ယောဂီ သတိ၊ သမာဓိ ညဏ်တွေနဲ့ ဖြစ်ခိုက် ရုပ်နာမ်တွေပေါ်မှာ ခုနက ကိလေသာတွေကို မှတ်သိ ပယ်ဖျောက်တတ်ရင် ညဏ်ကုသိုလ် ဖြစ်သွားပြီ။ ဒီကိလေသာတွေက မဂ်ညဏ် ဖိုလ်ညဏ် နိဗ္ဗာန် မရောက်ရအောင် ပိတ်ဆို့ တားဆီးပေးပြီး နှောက်ယှက် ဖျက်ဆီးနေတဲ့ သဘောရှိတယ်။ ဒါတွေကို ရှုမှတ်တတ်တဲ့ ဘုရားရှင်ရဲ့ တပည့်သားတွေကြတော့ အဲ့ဒါတွေကို ရှုမှတ် ပိုင်းခြားတဲ့အတွက် တပ်မတော်သားတွေ သူပုန် သူကန်တွေကို နှိမ်နင်းနိုင်တဲ့အတွက် ဆုလာဘ်တွေ၊ ရာထူးတွေ တိုးတတ်သွားသလိုမျိုး ဒီမှာလည်း သတိ၊ သမာဓိ ညဏ်တွေ အဆင့်ဆင့်တိုးတက်သွားတယ်။

ညဏ်အဆင့်ဆင့်
ကိလေသာတွေကို မရှုမှတ်နိုင်ရင်တော့ ရန်သူရဲ့ အနှိပ်စက်ခံရပြီ။ ကိုယ်တွေ၊ စိတ်တွေ မငြိမ်းအေးတော့ဘူး ရှုမှတ်နိုင်တဲ့ ပုဂ္ဂိုလ်ကြတော့ ငြိမ်းအေးသွားတယ် ကိုယ်တွေ စိတ်တွေ အေးချမ်းလို့ ပဿဒ္ဓိဖြစ်။ ပဿဒ္ဓိဖြစ်ပြီး ငြိမ်းအေးနေတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်လည်းချမ်းသာ စိတ်လည်းချမ်းသာ။ ကိုယ်စိတ်ချမ်းသာတဲ့ ပုဂ္ဂိုလ်မှာ သမာဓိဖြစ်ပြီး စူးစိုက်တည်ကြည်မှုတွေ အားကောင်းလာတယ်။ သမာဓိရှိတဲ့ ပုဂ္ဂိုလ်မှ ဟုတ်တိုင်းမှန်စွာ မြင်နိုင်တယ်။ ရုပ်နဲ့ နာမ်ပဲရှိတယ် မှတ်စရာ အာရုံနဲ့ မှတ်သိမှုပဲ ရှိတယ် ဒါကလွဲရင် အတ္တကောင်မရှိဘူးလို့ မှန်မှန်ကန်ကန် သိတယ် ။ အကြောင်းနဲ့ အကျိုးပဲ ရှိတယ် ဘယ်သူကမှ ဘယ်သူ့ကို ပြုလုပ်ဖန်ဆင်းတာမဟုတ်ဘူး အဲ့လို ဒိဋ္ဌိကင်းစင်သွားအောင် သိလိုက်တယ်။ ဒီထက်တိုးပြီးတော့ ရုပ်တွေ၊ နာမ်တွေဟာ ဖောက်ပြန်ပျက်စီးတာချည်းပဲ ဖြစ်ပေါ်မှု၊ ချုပ်ပျောက်မှု သိတဲ့ညဏ်၊ ခိုင်တာ မြဲတာမရှိဘူးဆိုတဲ့ အသိညဏ်တွေရလာတယ် တစ်နည်းအားဖြင့်တော့ ပျင်း မုန်း ပြီးငွေ့တဲ့ ညဏ်တွေပါပဲ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်းဆိုတာ ဒါပဲ။ ဒီအာရုံတွေပေါ်မှာ အထင်မကြီးတော့ဘူး အထင်ကြီးစရာလည်း မရှိဘူး ဘာဖြစ်လို့လဲ ကိုယ်က အကောင်းထင်ပြီး ခင်မင် တွယ်တာမယ်ကြံကာရှိသေးတယ် ပျက်စီးနေပြီ မရှိတာကြီးကို ဘယ့်နှယ် ခင်မင် တွယ်တာသာယာလို့ ရပါ့မလဲ။ ခုဖြစ်ပြီး ခုပျက်သွားတဲ့ တရားတွေပဲ ဒီလို အမှန်အတိုင်း သိလာတယ်။ အမှန်အတိုင်း သိတဲ့အတွက် ဒီ ဖြစ်မှု၊ ပျက်မှုတွေဟာ ဘာမှ အားမကိုးလောက်တဲ့ မသာယာစရာတွေပဲ ခိုင်မြဲတဲ့ အနှစ်သာရ ကင်းမဲ့နေတာပဲ ဒါတွေသိထားတော့ ဖြစ်ပျက်တွေမြင်၊ ဖြစ်ပျက်တွေမုန်းလို့ ဖြစ်ပျက်အဆုံး ညဏ်ရောက်သွားတယ် အဲ့ဒီတော့ ဖြစ်ပျက်တည်းဟူသော ဤမှာဘက်ကမ်းမှ မဖြစ်မပျက်တဲ့ ဟိုဘက်ကမ်း ရောက်သွားမယ် နိဗ္ဗာန်တည်းဟူသော ဟိုမှာ ဘက်ကမ်းပဲ။ ဖြစ်ပျက်နေတာက သင်္ခါရပဲ မဖြစ်မပျက်တာ အသင်္ခတပဲ။ ကိလေသာ လွတ်မြောက်တဲ့ဆီ ရောက်သွားပြီ ၀ိရောဂ-တပ်မက်မှုကင်းတယ်ဆိုတာ မဂ်ညဏ်၊ ၀ိမုတ္တိ-လွတ်မြောက်တယ်ဆိုတာ ဖိုလ်ညဏ်ပဲ၊ ၀ိမုတ္တိညဏဒဿန-ပစ္စဝေက္ခဏာညဏ်။ ဟိုဘက်က သြော်…ဒါတွေ လွတ်မြောက်သွားပါလား အေးသွားပြီ ဒီကိလေသာတွေရဲ့ အနှိပ်စက်ဘေးက လွတ်မြောက်သွားပြီလို့ ပြန်ဆင်ခြင်နိုင်တဲ့အထိအောင် အဆင့်ဆင့်တင်သွားတယ်။

ကိလေသာ ရေအလျဉ်
“နေရာတိုင်းပင်၊ စီးသွင်သွင်၊ ရေအလျဉ် တူလှသည်။ ရေအလျဉ်တူစွာ၊ ကိလေသာ၊ လူ့ရွာစီးနေသည်။” ခု မိုးရာသီကြည့်နော် ရေစီးမြောင်းတွေမှာ ရေတသွင်သွင်စီးနေတာ အားလုံးတွေ့ဖူးကြတယ်။ အဲ့သလိုပဲတဲ့ မျက်စိက မြင်တိုင်း မြင်တိုင်း ရှုမှတ်မှု ဘာဝနာကင်းမဲ့နေရင် ကိလေသာရေတွေ စီးဝင်နေတယ် နားက၊ နှာခေါင်းက၊ လျှာက၊ စားတိုင်းသောက်တိုင်း၊ အကောင်းစားလေး စားရရင် သဘောကျ ကိလေသာရေ စီးဝင်သွားတယ် အဲ့ဒါမျိုးလေး ထပ်ခါ ထပ်ခါ မစားရရင် သဘောမကျတဲ့ ဒေါသ ကိလေသာတွေ စီးဝင်နေတာပဲ စိတ်ထဲကလည်း ဒီအတိုင်းပဲ စီးဝင်နေတာပဲ။ အဲ့ဒါတွေကို ဘယ်လိုတားဆီးမှာလဲ။ “သတိဖြင့်ကာ၊ ရေလျဉ်များ တားဆီးနိုင်လေသည်။ ပညာဖြင့်ပင်၊ ထိုရေလျဉ် အစဉ်ပြတ်တော့သည်။” ကိလေသာ ရေအလျဉ်ကို မ၀င်အောင် သတိက သာမန်တားဆီးထားရုံပဲ တားနိုင်တယ် အသိဖြင့် စင်ကြယ်သွားအောင် နောက်ထပ် စီးမ၀င်အောင် ပိတ်ဆို့ စောင့်စည်းနိုင်ပါတယ်။ မဂ်ညဏ် ဖိုလ်ညဏ်ရရင်တော့ အဲ့ဒီ ကိလေသာ ရေအလျဉ်တွေ အားလုံး ပြတ်စဲသွားတယ်၊ မဂ်ညဏ်၊ ဖိုလ်ညဏ်တည်းဟူသော အသိညဏ်ရသွားရင် ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ ကိလေသာတွေ ထပ်ဖြစ်ခွင့်မရ ယိုစီးခွင့်မရတော့ဘူး နောက် မဂ် အဆင့်ဆင့် ဖိုလ်အဆင့်ဆင့် ရသွားရင် ကိလေသာအားလုံး စင်ကြယ် လွတ်မြောက်သွားတယ် အဲ့ဒီထိအောင် ရှုမှတ်ရတယ် အခုမှတ်နေတုန်းမှာတော့ တဒင်္ဂ၊ တစ်ခဏ ပြတ်တာနော် အစဉ်ထာဝရ မပြတ်သေးဘူး အစဉ်ထာဝရ ပြတ်သွားအောင် ကြိုးစားရမှာ။


အပ္ပမာဒ တရားရှိသူ
ကုသိုလ်တွေ မပြတ်မပြတ် ဖြစ်နေတာ အပ္ပမာဒပဲ အဲ့ဒီကုသိုလ်တွေ ရဖို့ရာ မပေါ့ဆတဲ့ အပ္ပမာဒတရားရှိသူကို ပညာရှိသူတော်ကောင်းတွေက ချီးမွမ်းကြတယ် ဘာဖြစ်လို့လဲဆိုတော့ အဲ့လို အပ္ပမာဒရှိသူဟာ လက်ငင်းအကျိုးရော နိဗ္ဗာန်ရောက်သည့် ဘ၀တိုင်အောင် ဆက်ကာဆက်ကာ ကောင်းစားချမ်းသာသွားဖို့ အပြစ်အန္တရယ် ကင်းပြီးတော့ ကုသိုလ်တရား ပွာများနိုင်ဖို့ အကြောင်းအထောက်အပံ့ဖြစ်တဲ့ ကုသိုလ်တရားတွေကို မမေ့လျော့ မပေါ့မဆ ပြုနိုင်ကြတယ်လို့ ချီးမွမ်းကြတယ်။

ထိပ်တန်းအကျဆုံး ကုသိုလ်
ရခဲတဲ့ လူ့ဘ၀ ရနေတဲ့အချိန်မှာ ရခဲတဲ့ ကုသိုလ်တွေလုပ်ကြ ကုသိုလ်မှာတော့ ကုသိုလ်တိုင်း ကုသိုလ်တိုင်း အကောင်းကြိးပဲ။ ဒါနကုသိုလ်လည်း အရေးတကြီး ပြုရမှာပဲ။ သီလကုသိုလ်လည်း မရှိမဖြစ်တဲ့ အရာပဲ သီလမရှိရင် လူမပီသတော့ဘူး သီလရှိမှ လူကောင်းသူကောင်းပီသပါတယ် ဒါနဲ့တင် မပြီးသေးဘူး သမထလည်း စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်အောင် နှလုံးစိတ်ဝမ်း အေးချမ်းမှုဖြစ်အောင် မေတ္တာတရားတွေ ပွားများရတယ် ဘုရားဂုဏ်တော်တွေလည်း ပွားများရတယ် ဒါပေမယ့် အဲ့ဒီ ကုသိုလ်တွေထဲမှာ မြတ်စွာဘုရားက အရေးကြီးဆုံးပြုရမယ့် ကုသိုလ်ဟာ အပ္ပမာဒတရားပဲလို့ မိန့်ခဲ့ပါတယ်။ အပ္ပမာဒတရားဆိုတာ တစ်ခြားမဟုတ်ဘူး ကုသိုလ်တွေ မမေ့တာလဲ အပ္ပာမာဒပဲ ဒါပေမယ့် ရုပ်တရားတွေကို သိတဲ့ အပ္ပမာဒတရား။ မှန်ကန်တဲ့ သစ္စာတရားကို သိတဲ့ အပ္ပမာဒတရားရှိမှ နှလုံးစိတ်ဝမ်း အေးချမ်းမယ် သီလတွေ ပိုပြီးစင်ကြယ်မယ် သီလစင်ကြယ်မှုဟာ ရိုးရိုးသိက္ခာပုဒ် သီလလုံခြုံရုံပဲရှိမယ် ကျန်တဲ့ သီလတွေက အဆင့်ဆင့် သူ့ဟာနဲ့သူရှိတယ်။ သတိပြဋ္ဌာန်းတဲ့ ဣန္ဒြိယသံဝရသီလ ထိန်းလိုကမယ်ဆိုရင် အပ္ပမာဒသတိတရားနဲ့ ထိန်းလိုက်လို့ရှိရင် သီလအားလုံးအတွက် ကောင်းသွားတယ် ဣန္ဒြိယသံဝရသီလက အခက်ဆုံးပဲ။

သတိဆိုတဲ့ စံအိမ်
သတိပဋ္ဌာန်တရား ပွားများနေရင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ခြောက်ဌာနက လောဘရန်သူ၊ ဒေါသရန်သူ၊ မောဟရန်သူ ၀င်ခွင့်မရအောင် ပိတ်ဆို့ တားဆီးထားတယ် သတိဟာ လုံခြုံရေးပဲ ဘ၀ရဲ့လုံခြုံရေးပဲ သူတော်ကောင်းတွေရဲ့ စံအိမ်ပဲ လူတွေ နေအိမ်ကောင်းကောင်းနဲ့နေတော့ ဘေးတွေ ရန်တွေ အမျိုးမျိုး လုံခြုံနေသလို သတိတည်းဟူသော စံအိမ်မှာနေရင် လောဘဘေးရန်၊ ဒေါသဘေးရန်၊ မောဟဘေးရန်တွေ လုံခြုံအေးချမ်းနေုပါတယ် ဒီလို လုံခြုံအေးချမ်းတဲ့ သတိနဲ့ နေထိုင်ခြင်းဟာ အမြင့်မြတ်ဆုံးပဲ။

အသေမဦးခင်
ဘာကိစ္စမဆို အရေးကြီးဆုံးကို အရင်ဆုံးလုပ်တာ ကောင်းတယ်၊ ကြံစုပ်တာ အရင်းပိုင်းက စုပ်တာကောင်းလား အဖျားပိုင်းက စုပ်တာကောင်းလား( အရင်းပိုင်းကပါ ဘုရား) ရာဇသင်္ကြန် အမတ်ကြီးကတော့ အဖျားပိုင်းက စုပ်တာ ကောင်းတယ်လို့ ပြောတယ်နော် တဖြည်းဖြည်း ချိုအောင်တဲ့၊ အဲ့ဒီ အချိုဆုံးနေရာ အရင်းပိုင်းမရောက်ခင် မသေနိုင်ဘူးလား (သေနိုင်ပါတယ် ဘုရား) အေး-အဲ့ဒါ မျက်စိတစ်မှိတ် လျှပ်တုပြက်မှာ သေခြင်းတရားက အနီးကပ်ရှိတယ် ဒါကြောင့် အကောင်းဆုံးအလုပ်ကို အရင်ဆုံးလုပ်ရမယ်လို့ မပြောဘူးလား။ မိုးကုတ်ဆရာတော်ကြီးက ခဏခဏ တပ်လှန့်တယ် ခပ်သုတ်သုတ် လုပ်ကြတဲ့ သေခြင်း အရင်နီးသွားရင် ဘ၀ဆုံးရှုံး နစ်နာသွားလိမ့်မယ်တဲ့ ညဏ်မဦးခင် အသေဦးသွားရင် ဘ၀ဆုံးရှုံး နစ်နာနေမယ်နော်။

အဖြုန်းဆုံး ဘာလဲ
အချိန်နဲ့ အင်အားကို အဖြုန်းဆုံးကတော့ မေ့တီးမေ့လျော့နေခြင်းပဲတဲ့ မေ့တီးမေ့လျော့နေတာဟာ အချိန်နဲ့အင်အားတွေ အများကြီး ဆုံးရှုံးသွားတယ် သဒ္ဓါအင်အား ၀ီရိယအင်အား သမာဓိအင်အား ပညာအင်အားတွေ ရှုံးသွားတယ်၊ နိဗ္ဗာန်ရနိုင်တဲ့ အဖိုးတန် အချိန်ကောင်းတွေ မဂ်ညဏ် ဖိုလ်ညဏ် ရနိုင်တဲ့ အချိန်တွေ အင်အားတွေ ဆုံးရှုံးပစ်တာ မေ့လျော့ပေါ့ဆမှုပဲ။

TV ရှေ့မှာ ၀ိုင်းဝိုင်းလည်
ကာမဂုဏ်အာရုံတွေမှာပဲ စိတ်တွေ သွင်းထားကြတယ်။ တိုက်ကောင်းကောင်း၊ ကားကောင်းကောင်း၊ TV များများကြည့်ဖို့၊ TV လေးနဲ့နေရင် နတ်ပြည်ရောက်တောပဲ ဟုတ်လား တစ်နေ့လုံး မောထားတာတွေ ပန်းထားတာတွေ နွမ်းထားတာတွေ TV ရှေ့မှာ မေ့ပျောက်ကုန်တာပဲ ဟုတ်လား (မဟုတ်ပါ ဘုရား) မဟုတ်တာသာ ပြောတယ် လူတွေဟာ အဲ့ဒီမှာပဲဝိုင်းဝိုင်းလည်နေတာပဲနော်၊ ကလေးတွေအတွက်လို့ ပြောတော့ ပြောတယ် လူကြီးတွေများ ပါရဲ့လားမသိဘူးနော်။ ဘုန်းကြီးတို့ တစ်ခါတစ်ခါ ခရီးဝေးသွားတဲ့အခါ ဟိုတန်ဆောင်မုန်းလ ဖြတ်သွားလို့ရှိရင် အံမယ် သူတို့တန်ဆောင်တိုင်ပွဲမှာကြည့် မပြီးသေးဘူး ကလေးတွေတော့ ပြန်ကုန်ပြီ အဘိုးကြီး အဘွားကြီးတွေပဲ ကျန်တယ် အဲ့ဒီထဲမှာ မိုးလင်းခါနီးနေပြီ သူတို့ ငိုက်တုန်းပဲ ကြိုးစားနေလိုက်ကြတာ ဒါတောင် ခုထက်ထိ နိဗ္ဗာန်ကိုမရကြသေးဘူးနော် ဒီလောက် ကြိုးစားလျက်သားနဲ့ မြန်မာလူမျိုးလောက် လုံးလ၀ီရိယ ရှိတာနော် ညလုံးပေါက်။

အိပ်လိုက်တဲ့ ဖြစ်ခြင်း
ဝေဘူဆရာတော်ကြီး အမိန့်ရှိသလို ဝေဘူမှာ နေခါစက လူတွေကလာပြီး ဥပုသ်စောင့်ကြတယ်၊ တရားတော် အားထုတ်ကြတယ်၊ ဆရာတော်ကြီးပြောတယ် “ဟဲ့ ဒီမှာ ကျောင်းမရှိ ကန်မရှိ ဟိုမှာ မြို့ထဲ ရွာထဲမှာ ကျောင်းတွေ ကန်တွေနဲ့ လုံလုံခြုံခြုံ အဲ့ဒီထဲမှာ သွားအားထုတ်ကြ” ဆိုတော့ မဟုတ်ဘူးဘုရား “ဒီမှာပဲ အားထုတ်ချင်တယ်” တဲ့။ “အေ နင်တို့ နေနိုင်ရင်လည်းနေပေါ့” ဆရာတော်ကြီးကမိန့်တယ် ဒီလူတွေ အားထုတ်လိုက်ကြတာ မိုးရွာမရှောင် နေပူမရှောင်၊ မိုးချုပ်မှန်းမသိ၊ အချိန်ရှိသမျှ အားထုတ်လိုက်ကြတာ ဆရာတော်ကြီးက စဉ်းစားတယ် ၊ သြော်… သူတို့ ဒီလောက် မလုံမခြုံနဲ့ သစ်တစ်ပင်ရင်း ၀ါးတစ်ပင်အောက်မှာ ဒီလောက် အားထုတ်နေကြတာ ကျောင်းနဲ့ကန်နဲ့ လုံလုံခြုံခြုံဆိုရင် သိပ်အားထုတ်ကြမှာပဲလို့ ထင်ပြီးတော့ ကျောင်းတွေ၊ ဇရပ်တွေ ဓမ္မာရုံတွေ လုပ်ပြီးတော့ အားထုတ်ခိုင်းတော့ ထင်ကြေးနဲ့မကိုက်ဘူး။ ဆရာတော်ကြီး ဘာပြောလဲဆိုတော့ အိပ်လိုက်တဲ့ဖြစ်ခြင်း တဲ့။ တ၇ားနဲ့ကျတော့ တစ်မျိုးဖြစ်သွားတယ်နော်။


ထောင်သက်ရှည်ခြင်းမဖြစ်ရအောင်
အပ္ပမာဒတရား….၊ အဲ့ဒီ ရုပ်တရား၊ နာမ်တရား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားတွေ သိပြီး တစ်နေ့တစ်ရက် တစ်မနက် အသက်ရှင်ရတာ မြတ်တယ် ရုပ်နာမ် သဘာဝတွေရဲ့ သဘော သဘာဝတွေ မသိပဲနဲ့ ဖြစ်ပေါ်တာတွေ ချုပ်ပျောက်တာတွေ မသိပဲနဲ့ အနှစ်တစ်ရာ အသက်ရှည်နေတာဟာ အချည်းနှီးအလကားပဲ။ တစ်နည်းအားဖြင့် ထောင်သက်ရှည်တာနဲ့ တူတူပါပဲ ဘာကြောင့်လဲ တရားမရှိပဲ အပြစ်တွေ ဗလပွနဲ့ နေရတာ “တရားလက်လွတ်၊ ငှတ်တောင်ကျွတ်၊ ၀ဋ်နှင့်မကင်းပြီ” ဆိုတာနော်။ နာမ်ရုပ်နှစ်တန်၊ ဖြစ်ပျက်ဟန်ကို မမြင်ပါပဲ တစ်ရာ အသက်၊ ရှည်သည်ထက်လည်း၊ နာမ်ရုပ်နှစ်တန် ဖြစ်ပျက်ဟန်ကို အမှန်မြင်လျက် ညဏ်စဉ်တတ်၍ တစ်ရက်တာမျှ သက်ရှည်ရသော် လူ့ရွာနတ်ရွာ ကောင်းမြတ်သာသည် မြတ်စွာဗုဒ္ဓ မိန့်ခွန်းတည်း ။

သတိတစ်လုံးပဲ
အပ္ပမာဒဟာ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀။ အနှစ်ချုပ်လိုက်ရင် ဗောဓိပက္ခိယ သုံးဆယ့်ခုနစ်ပါး၊ ဒါကို အနှစ်ချုပ်ရင် မဂ္ဂင်ရှစ်ပါး၊ မဂ္ဂင်ရှစ်ပါးကို ချုပ်လိုက်တော့ သီလမဂ္ဂင် သုံးပါး( သီလသိက္ခာ)၊ သမာဓိမဂ္ဂင် သုံးပါး (သမာဓိသိက္ခာ)၊ ပညာမဂ္ဂင် နှစ်ပါး (ပညာသိက္ခာ)။ မဂ္ဂင်ရှစ်ပါးကို ချုပ်လိုက်တော့ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး။ သီလ၊ သမာဓိ၊ ပညာ ဖြစ်ဖို့ရာ သတိတစ်လုံးပဲ။ သတိကြောင့် ဣနြ္ဒိယသံဝရသီလတွေ လုံခြုံတယ် ကျန်တဲ့သီလတွေလည်း ထိုက်ထိုက်တန်တန် လုံခြုံပြီးတော့နေတယ်၊ နောက် သတိရှိနေတဲ့အတွက် သမာဓိလည်း ညီညွတ်မှုရနေတယ် သတိမရှိရင် သမာဓိက ဦးထောင် ပဲ့ထောင် ဖြစ်နေတယ် အိုးနင်းခွက်နင်းဖြစ်နေတယ် ၀ီရိယနဲ့သမာဓိ မမျှတတဲ့အတွက် ဖြစ်သင့်တဲ့ အသိညဏ်တွေ ဖြစ်မလာဘူး။ သတိရှိနေတဲ့အတွက် သမာဓိလည်း အချိုးကြသွားတယ် သတိမရှိရင် ပညာမဖြစ်နိုင်ဘူး ဒီလို အဘက်ဘက်က တိုးတက်ကြောင်းမို့ သတိနဲ့ နေထိုင်ခြင်းက အကောင်းဆုံးပဲလို့ မြတ်စွာဘုရြား ဟောတော်မူတယ်။

အ သုံးလုံးကျေ ကပ်ကျော်တရား
အမောဟတဲ့၊ မောဟထဲမှာ အ တစ်လုံး ထည့်လိုက်တော့ ဘာဖြစ်လဲ အမောဟ။ အမောဟဆိုတာ အသိဟာ အမောဟပဲ။ အလိမ္မာဟာလဲ အမောဟပဲ။ ညဏ်ဟာ အမောဟပဲ။ ပညာလည်း အမောဟပဲ။ ၀ိဇ္ဇာဆိုတာ အမောဟပဲ ဟုတ်ကြရဲ့လား။ တစ်ချို့အိမ်တွေမှာတော့ ကန်တော့ပွဲကြီးကို ၀ိဇ္ဇာပွဲဆို၊ ၀ိဇ္ဇာဆိုတာ ဘုရားဟောတာက အသိ၊ အလိမ္မာ၊ ညဏ်၊ ပညာဟာ ၀ိဇ္ဇာတဲ့။ ကန်တော့ပွဲကို ဟောတာ မဟုတ်ဘူး ငှက်ပျောသီးက ၀ိဇ္ဇာလား၊ အုန်းသီးက ၀ိဇ္ဇာလား။ (မဟုတ်ပါ ဘုရား)။ အခု အသိ၊ အလိမ္မာ၊ ညဏ်၊ ပညာ ရဖို့အတွက် သတိကလေးနဲ့ အန္တရယ်ကင်းအောင်နေကြတယ် မောဟမှာ အတစ်လုံးကျေသွားတယ်။ အမောဟ ဆိုတဲ့ အသိညဏ်ပညာနဲ့နေနိုင်ကြတယ်။ ဒေါသဟာ အင်မတန်ဆိုးပါတယ် ဒါကြောင့် “ဒေါသမီးလျှံ အကျည်းတန်၊ သည်းခံရပေမည်။” ကြည့်နော် ဒေါသဖြစ်ရင် အခု မျက်စိပျက် မျက်နှာပျက် ကြည့်မကောင်း ရှုမကောင်း ဖြစ်သွားတယ် ဒေါသငြိမ်းနေရင် အဒေါသ- မေတ္တာတွေနဲ့ တစ်ယောက်ကို တစ်ယောက် ကောင်းကျိုးလိုလားတယ်။ ကျွေးချင်တယ် ပေးချင်တယ်၊ လှူချင်တယ်ဒါန်းချင်တယ် အကျိုးစီးပွားဆောင်ရွက်ချင်တယ်ဆိုတာ အ တစ်လုံးကျေလို့ပဲ။ မေတ္တာပဲ၊ မေတ္တာရဲ့ တရားကိုယ်က အဒေါသပဲ။ လောကမှာ အ တစ်လုံးကျေရင် ဘာဖြစ်မလဲ။ (အလောဘ ပါဘုရား)။ အဲ့ဒီ အလောဘရဲ့ အစွမ်းသတ္တိကြောင့် ငတ်ပြတ်တဲ့ ကပ်ကြီးကို ကျော်လွန်သွားနိုင်တယ်။ သတ်ဖြတ်တဲ့ ကပ်က ဒေါသကြောင့်၊ အ တစ်လုံးကျေသွားလို့ သတ်ဖြတ်တဲ့ ကပ်ကလည်း ကျော်လွန်ကြပြီ။ အမောဟ၊ အ တစ်လုံးကျေလို့ ရောဂါဘယကပ်လည်း ကျော်လွန်နိုင်ကြပြီ။ အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ အ တစ်လုံးကျေတဲ့ ကပ်ကျော်ပါဘုရား။ အန္တရယ်ကင်း ဘေးကင်းတယ်ဆိုတာ ကပ်ကျော်တာပဲ လူကြီးမိဘတွေကို ကန်တော့ကြတဲ့အခါ သူတို့က ဆန္ဒပြုကြတတယ် ဆုပေးကြတယ် ကပ်ကြီးသုံးပါ ကျော်နိုင်နင်းနိုင်ကြပါစေလို့ ဆန္ဒပြုတာ။ ကိုယ်က အဲ့ဒီ ကပ်ကျော်တဲ့ တရားတွေကို လက်ခံကျင့်သုံးနိုင်မှ။ အ သုံးလုံးကျေရင် ကပ်ကျော်ပါတယ်။ အတိုဆုံး တစ်လုံးတည်းနဲ့ ကပ်ကျော်တာကတော့ သတိလေးနဲ့ နေတာပါပဲ။ အ သုံးလုံးကျေပြီးသားလည်း ဖြစ်သွားတယ် သတိလေးနဲ့ နေတဲ့အတွက် သတိရှိနေတော့ အသိတရားလည်း ရှိနေတယ် အဲဒီ အကျင့်တရား အသိတရာကောင်းနေတဲ့ ပုဂ္ဂိုလ်မှာ သတ်ဖြတ်တဲ့ သတ္တန္တရယ်ကပ် မဆိုက်နိုင်ဘူး။ အသိတရားရှိတဲ့သူဟာ သူများကို သနားညှာတာတယ်၊ ကိုယ်ချင်းစာတယ် သတ်ဖြတ်ဖို့ နှိပ်စက်ညှဉ်းပန်းဖို့ မလိုလားတဲ့ ပုဂ္ဂိုလ်ပဲ။ ဒါကြောင့်မို့ သူ့မှာ အ တစ်လုံးကျေတယ်။ အဒေါသ၊ မေတ္တာတရား ဒါ သတ်ဖြတ်တဲ့ကပ်ကို ကျော်လွန်နိုင်တဲ့ ပုဂ္ဂိုလ်။ အလောဘ အ တစ်လုံးကျေဖို့ရာလည်း သတိလေးနဲ့ နေရင် ကပ်ကျော်ပါတယ် ငတ်ပြတ်တဲ့ ကပ်ကို ကျော်နိုင်ပါတယ် အလောဘ ကပ်ကျော်တဲ့ အလောဘကြောင့် သူများကို ကျွေးနိုင် မွေးနိုင် ပေးနိုင်ကြတယ် အလောဘ- ငတ်ပြတ်တဲ့ ကပ်ကြီးကျော်နိုင်ကြပြီ။ ဒီထဲမှာ အကောင်းဆုံး ဘုရားရှင် အကြိုက်ဆုံးကတော့ “အပ္ပမာဒေန သမ္ပာဒေထ ” မမေ့တဲ့ သတိကလေးနဲ့ ဘာမဆို သိသိပြီးတော့ နေကြပါ၊ အဲ့လို သိတတ် လိမ္မာတာက အမောဟနော် ။ သိတာ အမောဟပဲ၊ မောဟမှာ အ တစ်လုံးကျေတယ်။ အတိုချုပ်ကတော့ ကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်းသိနေရမယ်။ စိတ်တွေ ဖြစ်တိုင်းဖြစ်တိုင်း သိနေရမယ်။ ကိုယ်စိတ်ဖြစ်တာ ကိုယ်မသိပဲ နေပါ့မလားနော် သိတယ်နော် စိတ်ဆိုးတာ ရန်ဖြစ်ပြီးမှ သိရင်တော့ အဲ့ဒါနောက်ကြသွားပြီနော် စောစောကတည်းက သိရမှာ စောစောကသိရင် ဒေါသလည်းမဖြစ်တော့ဘူး လောဘလည်းမဖြစ်တော့ဘူး လွန်လွန်ကျွံကျွံ မဖြစ်တော့ဘူး။ လက်ဦးကတော့ အသိက နှောင့်နှေးနေတယ်။ မှားပြီးမှ သြော်…ငါမှားသွားပါလားလို့ သိတဲ့ အသိမျိုးက နောင်တပူပန်ရတဲ့ အသိမျိုးပဲ နောက် သတိအားကောင်းလာပြီ သတိစွဲမြဲလာပြီဆိုရင် ကြိုကြိုပြီးတော့ သိနေတယ်၊ စိတ်လှုပ်ရှားလာပြီ ဟောမကောင်းတဲ့စိတ်တွေ ဖြစ်တော့မှာပဲ ဒေါသစိတ် ဖြစ်တော့မယ်ဆိုရင် သာပြီး သိသာသေးတယ် ရင်ထဲက ပူလောင်လာတာပဲ အဲ့ဒါကို သတိလေးနဲ့ကပ်လိုက်ရင် အေးချမ်းသွားတယ်။ အဲ့ဒီလို သတိ အသိလေးနဲ့ နေပါတဲ့ မမေ့တဲ့ အပ္ပမာဒတရားနဲ့ နေပါတဲ့၊ ဘာကိစ္စမျိုးဖြစ်ဖြစ်။ ရုပ်နဲ့ဆိုင်တဲ့ ကိစ္စတွေ၊ နာမ်နဲ့ဆိုင်တဲ့ကိစ္စတွေ ရုပ်ဖြစ်တိုင်း ဖြစ်တိုင်း နာမ် ဖြစ်တိုင်း ဖြစ်တိုင်း သိသိနေပါတဲ့ ဒီထက်တိုးပြီးပြောရင် သွားတိုင်း၊ လာတိုင်း၊ အိပ်တိုင်း၊ သတိနဲ့ချည်းပဲ ပြုလုပ်ရမယ်။ မြင်တိုင်း၊ ကြားတိုင်း၊ လှုပ်ရှားတိုင်း အသိသတိနဲ့ ပြုလုပ်ရမယ်။ စားတိုင်း၊ သောက်တိုင်း၊ ၀ါးတိုင်း၊ မျိုတိုင်း၊ လျက်တိုင်း၊ ခဲတိုင်း သတိ၊ စကားပြောရင်လည်း သတိလေးနဲပဲ ပြောရတယ် ။ အဲ့ဒါ အမှားနည်းတယ် အေးချမ်းတယ်၊ အပြစ်အန္တရယ် ကင်းတယ်၊ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေး ကောင်းတယ်၊ တစ်ကိုယ်ကောင်းမဆန်တော့ဘူး သများကို တင်စီးလို့ နာအောင် ပြောတာတွေ မပါတော့ဘူး အဲ့ဒါ စင်ကြယ်မြင့်မြတ်တဲ့ ပြောဆိုခြင်းပဲ။ အိပ်တော့လည်း အသိ သတိနဲ့ပဲ၊ နိုးလာလည်း အသိ သတိနဲ့ပဲ နိုးရတယ် အဲ့လိုဆိုရင် တော်တော်ကို အ သုံးလုံးကျေ ကပ်ကျော်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားပြီ။ တရားဆိုတာ ကိုယ်တိုင်လုပ်မှရတယ် ရော့ …အင့်လို့… ပေးလို့မရဘူး။ ကိုယ်ကြိုးစားအားထုတ်မှုအရ ကိုယ်ရကြမှာပါ အားလုံးပဲ မဂ်ဖိုလ် နိဗ္ဗာန်ရောက်အောင် အားထုတ်နိုင်ပါစေ…။

No comments:

Post a Comment

ညောင်တုန်း-ဆရာတော်ဦးဇောတိက (သာမာန်လိုဟောပေမဲ့ ဆွဲဆောင်မှုရှိတဲ့ တရားဟောနည်းသစ်)

ပဌာန်းအနှစ်ချုပ်-၁

ဆရာ့ဂုဏ်အင် နေ့စဉ်ပူဇော် ဖူးမြော်ပါ၏

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ကြီး၏ ပုံရိပ်များ
Share |

မျှဝေလိုပါက

Share |

*ရေသောက်သုံးသင့်သော အချိန်များ*

1) - နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။
ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
2) - အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
3) - ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။
သွေးပေါင်ချိန်ကျစေပါသည်။
4) - မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ဘ၀သမိုင်း

စောကားကာပို မနာလိုသည့်

ကိုယ့်ကိုမုန်းသူ အခြားလူကို

ရန်မူမည့်ဟန် မတုံ့ပြန်နှင့်

သူ့ကံအရိုင်း သူ့သမိုင်းတည်း၊

မရိုင်းစေရန် မိမိကံကို

ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ၊။

နဲနဲလေး မိတ်ဆက်လိုက်ပါတယ်။

My photo
စာရေးရတာ တီထွင်တာ ၀ါသနာပါတယ်။ စွန့်စားလိုစိတ် ခရီးထွက်ပြိးစူးစမ်းလိုစိတ်မှာ ပျော်မွေ့တယ်။ သာပေါင်းညာစား အရွံရှာဆုံးဗျာ။ ၆-နှစ်သားကတည်းကလေ မွေးရပ်မြေကိုစွန့်၊ မြို့တော်မှာ ပညာသင်ဖို့ ဘကြီးဘုန်းကြီးက ခေါ်ယူခဲ့ပါတယ်။ ပညာသင်တာ သူများလိမ်တာ မခံရအောင်၊ ဘယ်သူတွေက လူလိမ်လဲဆိုတာ သိအောင်၊ စတဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့။ ဒါကြောင့် မြင်သမျှ၊ ကြားသမျှ အရာရာတိုင်းကို ဆရာတင်ပါတယ်။ အားလုံးမှာ အစွမ်းကိုယ်စီ ရှိကြတဲ့အတွက် ကောင်းမြတ်တဲ့အစွမ်းရှိသူ အားလုံးကို လေးစားပါတယ်။ ဒီဆောင်ပုဒ်တွေကို ကြိုက်တယ်။ မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာသည်။ အနေလည်းကောင်း၊ စိတ်လည်းကောင်း၍၊ ကောင်းကောင်းပညာ၊ တတ်မှသာ၊ ငါဟာ ကြီးပွားမည်။ အနေမကောင်း၊ စိတ်မကောင်း၍၊ ကောင်းကောင်းပညာ၊ မတတ်ပါ၊ ငါဟာ ဆုတ်ယုတ်မည်။ ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊ လူဘုံလောက၊ နှစ်သာရတည်း၊ သူက ငြူစူ၊ မကြည်ဖြူလည်း၊ ခွာယူမရ၊ ကွာမကျ။ ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်၊ လူဘုံလောက၊ အကာ မျှတည်း၊ သူကငြူစူ၊ မကြည်ဖြူက၊ ခွာယူလိုက၊ ကွာ၍ကျ။ ကိုယ့်ကုသိုလ်က၊ ကိုယ့်ဘ၀၊ မုချ မြှင့်တင် နိဗ္ဗာန်ဝင်။ စသည် စသည်....................

ဘာကြောင့် ဘလော့လုပ်ဖြစ်လဲ

ဗဟုသုတ တိုးပွားစေဖို့အတွက် ဟိုဝက်ဆိုဒ် ဒီဝက်ဆိုဒ်တွေကို လိုက်ဖတ်ပါတယ်။ ဒီလို ဖတ်နေရင်းကနေ တချို့တင်ပြတဲ့ပိုစ်တွေဟာ ဒိုင်ယာယီနဲ့ ရေးမှတ်ထားချင်လောက်အောင်ကို ကောင်းနေတယ်။ အရင်တုန်းကတော့ အဲလိုရေးမှတ်ထားမိမှာ အမှန်ပါပဲ။ ခုခေတ်အခါကျတော့ ခေတ်သစ်နည်းနဲ့ ဘလော့လုပ်ပြီးမှတ်စုလုပ်ထားလိုက်ရင် ရောက်ရာမြို့မှာ ဖွင့်ကြည့်နိုင်သလို ကိုယ့်မှတ်စုကိုလည်း ယူဖတ်ချင်တဲ့ မိတ်ဆွေတွေ ဖွင့်ကြည့်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဟိုဆိုဒ် ဒီဆိုဒ်တွေကို ဖတ်ပြီး အလဟဿမဖြစ်အောင်၊ ကိုယ့်နှင့်ဝါသနာတူသူများကိုလည်း လွယ်ကူစွာဝင်ရောက် ကြည့်ရှုနိုင်အောင် ရည်ရွယ်ပြီး တတ်သိတဲ့ဘလော့ပညာအနည်းငယ်နဲ့ လုပ်လိုက်ပါတယ်။ ကိုယ်ပိုင်ပိုစ်တင်ဖို့ထက် ကောင်းနိုးရာရာလေးတွေ အများအကျိုးရှိမယ်ထင်တဲ့ပိုစ်တွေ ကို ကူယူပြီး တင်ဖြစ်တာက များမယ်။......................။

မင်္ဂလာစကားများ

Followers