မေးမြန်းချက်များကို ဖြေကြားတဲ့နေရာမှာ မိမိရဲ့အတွေ့အကြုံ ဗဟုသုတ တွေအပေါ်မှာ အခြေခံပြီး မိမိရဲ့အမြင် အယူအဆကို တင်ပြခြင်းမျှသာ ဖြစ်ပါတယ်။ ဆွေးနွေးချက်လို့သာ ထင်မြင်မိပါတယ်။ မိမိထက်ပိုပြီးတော့ ကောင်းတဲ့အမြင် သင့်သောအကြံ မှန်သောအယူအဆများလည်း ရှိသေးတယ်လို့ ယုံကြည်ပါတယ်။ မိမိရဲ့ဖြေကြားချက်မှာ လိုအပ်ချက်များ မှားယွင်းလွဲချော်မှုများ ရှိပါကလည်း ပြန်လည် အသိပေး ပြောဆိုပေးဖို့ မေတ္တာရပ်ခံပါတယ်။
စီဘောက်မှ မေးမြန်းချက်ကား ..............
ကောင်လေး: .တပည့်တော် ငယ်ငယ် က ကြက်ကလေး တစ်ကောင် ကို လည်း လှီး သတ်ခဲ့ဖူး ပါတယ် ဘုရား...
တပည့်တော် ၄ တန်းအရွယ် က ပါ ဘုရားး အဲဒီကြက်ကလေး ကို သတ်ပြီးတဲ့အချိန် က စ ပြီ ဘယ် ကောင်မှာ မသတ်တော့ ပါ ဘုရားး...
အခု တပည့်တော် အသက် ၂၄ နှစ်ရှိ ပါ ပြီ ဘုရား...ဒါပေမဲ့ တပည့်တော် အဲဒီအဖြစ်အပျက်လေး ကို ဘယ်လိုမှာဖျောက်လိုမရဘူးဖြစ်နေတယ်ဘုရာ....
ငယ်စဉ်ဘ၀ က တပည့်တော်မသိလို မှားခဲ့ တာ ပါ...
အခုဘုရား တပည့်တော်သိချင်တာ က အဲဒီ တပည့်တော်ပြုလုပ်ခဲ့တဲ့အမှား ကို ဘယ်လိုပြန်ပေးဆပ်ရ ပါမလဲ ဘုရာ...
သံသရာ ဆိုတာ ပြေးလိုမလွတ်ဘူးဆိုတာ တပည့်တော် သိ ပါတယ် ဘုရား.တပည့်တော် ကြိုးစား ပြီမေ့ပြစ် ပါတယ် ဘုရာ...
ဒါပေမဲ့ တပည့်တော် ဖျောက်လိုမရ ဘူးဖြစ်နေတယ်ဘုရား....
ငယ်ငယ်တုန်း က လုပ်ခဲ့တဲ့အမှားအတွက် တပည့်တော် နောင်တ ရမီ ပါတယ် ဘုရား...
တပည့်တော် ကိုနည်းလေး များရှိရင်ပေးသနား ပါ ဘုရား....တပည့်တော် ဘာတွေလုပ်ရမယ်ဆိုတာ နည်း လမ်းပြပေးတော့မှု ပါ ဘုရား....တပည့်တော် ရိုသေစွာ နဲ့လျှောက်တင် အပ်ပါတယ်ဘုရား...
ဖြေကြားချက်
၁။ အရင်တုန်းက သတ်ခဲ့ဖူးတာကို မကောင်းတဲ့အပြုအမူမှန်းသိလို့ ဘယ်တော့မှ ဘာအကောင်ကိုမျှ မသတ်တော့တာဟာ အကုသိုလ်တစ်ခုကြောင့် ကုသိုလ်ကို မြတ်မြတ်နိုးနိုး တန်းဖိုးထားတတ်သွားတယ်။ ဒါဟာ အရှုံးထဲက အမြတ်ထုတ်တတ်တဲ့ သတိ ပညာ ရှိသူတွေရဲ့လက္ခဏာပဲ။
ဒါပေမဲ့........
၂။ ဒီအဖြစ်အပျက်ကို ဘယ်လိုမှဖျောက်လို့မရဘူး ဆိုရင် ပြုလုပ်ပြီးတဲ့အကုသိုလ်ကံကို ပွားနေသလိုဖြစ်နေတယ်။ သတိ ပညာကင်းတဲ့စိတ်နဲ့ ပြုလုပ်ပြီးတဲ့အကုသိုလ်ကံကို အမှတ်ရနေမိရင် အကုသိုလ်စိတ်လုံးလုံးဖြစ်ပြီး အရှုံးသမားဖြစ်နေတယ်။ ဒီလိုမှ မဟုတ်ပဲ.............
သတိ ပညာနဲ့ ယှဉ်တဲ့ ပြုလုပ်ပြီးတဲ့အကုသိုလ်ကံကို အမှတ်ရနေမိရင် အကုသိုလ်စိတ်လုံးလုံးမဖြစ်။ အကုသိုလ်ကံကို အကြောင်းပြု၊ အရင်းတည်ပြီး သတိ ပညာယှဉ်တဲ့စိတ်နဲ့ သိမှတ်တဲ့အတွက် စိတ္တာနုပဿနာ ဘာဝနာကို ရောက်စေနိုင်ပါတယ်။ ဖြစ်တာကတော့ အကုသိုလ်စိတ်၊ ဒါပေမဲ့ သတိ ပညာနဲ့ယှဉ်ပေး သိမှတ်ပေးလိုက်တော့ ကုသိုလ်စိတ်ဖြစ်သွားတယ်။ ဖြစ်ဖို့မလွယ်ပေမဲ့ လေ့လာ ကြိုးစားရင် ဖြစ်သွားတဲ့ယောဂီတွေလည်း ရှိပါတယ်။ မကောင်းမှုမှာ မွေ့လျော်စွဲလန်းတတ်တဲ့စိတ်ကို စိတ္တာနုပဿနာနည်းဖြင့်သာ ကုစားသင့်မည်ဟု ယူဆပါတယ်။
ရေကြောင့်ဖြစ်သော ရွံ့ညွန်ကို ရေဖြင့်သာ ဆေးကြောမှ သန့်ရှင်းသည်ဟု ဆိုထားသည် မဟုတ်ပါလော။ စိတ်ကို စိတ်ဖြင့်သာ ကုစားရာ၏ဟု ဆိုချင်ပါသည်။
၃။ ဒါပေမဲ့ ဖျောက်လို့မရဘူး ဖြစ်နေတယ်ဆိုတာ ဖျောက်နည်း နည်းလမ်းမကျ ဖြစ်နေမလား။ ဆင်ခြင်သုံးသပ်မိပါတယ်။
အင်မတန် ရဖို့ ရောက်ဖို့ ခက်ခဲတဲ့ မြတ်နိဗ္ဗာန်ကိုတောင် ရအောင် ရောက်အောင် လုပ်နိုင်ကြတယ်။ ဒီအကြောင်းအရာကို ဘယ်တော့မှ (ဆိုတဲ့ ၀ိသေသတော့ မထည့်ကောင်း) ဖျောက်လို့မရဘူးလို့ မယူဆစေချင်။ မဆုပ်ကိုင်စေချင်။ အဲလို ဆုပ်ကိုင်ထားတဲ့စိတ်ကြောင့် မေ့ဖျောက်ဖို့ရာ ပို၍ ခဲရင်းပေလိမ့်မယ်။ မဆုပ်ကိုင်တဲ့စိတ်နဲ့ ...........စိတ်ကို လျော့ ........စိတ်ကိုလျော့ ထားပြီး သတိ ပညာ နဲ့ယှဉ်တဲ့ စိတ္တာနုပဿနာ ဘာဝနာကို ပွားများရမယ်။စိတ္တာနုပဿနာ နဲ့ တရားစာအုပ်အကြောင်း ကို များများလေ့လာ ကျင့်ကြံအားထုတ်ပြီး ပယ်ဖျောက်နိုင်မယ်လို့ ယူဆပါတယ်။ အခြားနည်းလမ်းကောင်းများလည်း ရှိပါလိမ့်မယ်။
၎။ မသိလို့လုပ်မိတာပါ တဲ့။ လုပ်တဲ့အရွယ်က ၄-တန်းကျောင်းသားအရွယ်။ တန်းကျောင်းက ၄-တန်းရောက်ပြီး ပါဏာတိပါတာ စတဲ့ ငါးပါးသီလရဲ့အဓိပ္ပါယ်ကို မသိသေးဘူးလား။
သူ့အသက်ကို သိလျက်သားနဲ့ ဒေါသစိတ်ထား သေစေလို..............စတဲ့ ကဗျာ သံပေါက်တွေ။
သူ့သက်သတ်က ၊ သက်တိုတတ် ၊ မသတ် အသက်ရှည်။ .............စတဲ့ လင်္ကာကဗျာတွေ။ မကြားဖူးဘူးလား။
အိမ်မှာရှိတဲ့ မိဘ လူကြီးတွေကော သူများအသက် မသတ်ကောင်းဘူးလေ.........စသည်ဖြင့် ပြောဆိုတာ မရှိဘူးလား။
စတဲ့မေးခွန်းတွေ ကို စဉ်းစားမိပါတယ်။
အဲဒီမှာ ကလေးကိုသာ အပြစ်မမြင်။ လူကြီး မိဘ၊ သာသနာ့ခေါင်းဆောင် ရှင် ရဟန်းများ၏ သာသနာ့ဝန်ထမ်းမှုမှာ လိုအပ်ချက်များရှိတာကို တွေ့ရသလို လွဲချော်ချက်များလည်း ရှိတာကို တွေ့ရပါတယ်။ ဗုဒ္ဓခြေပြု ယဉ်ကျေးမှု နည်းပညာများကို သင်ပေးတဲ့နေရာဒေသ နဲနေသေးတာဟာ လိုအပ်ချက်ပဲ။
လွဲချော်တာက ယဉ်ကျေးမှုကို သင်တန်းသဖွယ် အပြိုင်အဆိုင် စာမေးပွဲ လို စာကျက်နေရတာက များနေတယ်။
၅။ ပြုလုပ်ပြီးတဲ့ ကုသိုလ်၊ အကုသိုလ်ကံကို ဘယ်လိုမှ ပြန်ပြင်လို့မရသလို အကြွေးဟောင်းဆပ်သလိုလည်း ပေးဆပ်ရရိုး ထုံးစံမရှိပါ။ အတိတ်ကံကို ပြန်ပြင်လို့ မရပါ။ ဒါပေမဲ့ ပစ္စုပ္ပန် ယခုလောလောလတ်လတ် ပြုလုပ်ဆဲ ကံ ကို တော့ ကောင်းကောင်းလုပ်ပြီး အနာဂတ်ဘ၀ခရီးကို လျှောက်လှမ်းနိုင်တယ်။ ဒီလို ပစ္စုပ္ပန်ကံကို ကောင်းသထက်ကောင်းအောင် ပြုပြင်ခြင်းဖြင့် အတိတ်ကံကို ပေးဆပ်တယ်လို့ တင်းစားဖြေဖျောက်စေလိုတယ်။
၆။ နောင်မှ ပူပန် တမ်းတ ရတဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်မိပါစေနဲ့လို့ ဆန္ဒပြုမိပါတယ်။

ဒီမှာ ဒုတိယအပိုဒ် ဆက်ရေးပါ။
No comments:
Post a Comment